တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ရုတ်တရက် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ အရေအတွက်ကို လွဲမှားစွာ လိမ်လည်ဖော်ပြမှုအတွက် သံသယရှိသူ ၅ ဦးကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထားကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။
ဩဂုတ် ၂၁ ရက်က ကျင်းယန်ကောင်တီရှိ လူးကောင်းမြို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရုတ်တရက် ရေကြီးနေချိန်အတွင်း ရေတွေလျှံတက်နေတာကို နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်တဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
အစပိုင်းမှာ လူ ၇၉ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၆ ဦး ပျောက်ဆုံးနေကြောင်း ကျင်းယန် အာဏာပိုင်တွေက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ခဲ့တာပါ။
စုံစမ်းစစ်ဆေးမှု ပြီးသွားတဲ့နောက်မှာတော့ သြဂုတ် ၂၁ ရက်က ကျင်းယန်ကောင်တီရှိ မြစ်ကြောင်း အမြန်လမ်းမှာ လူ ၄ ဦး သေဆုံးပြီးတော့ ၄၈ ဦး ပျောက်ဆုံးနေတာဖြစ်ကြောင်းနဲ့ ၁၄၉ ဦး ရေဘေးမှ လွတ်မြောက်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့တယ် လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံတဝန်း ဒေသတွေမှာ လူသေဆုံးမှု၊ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။
Source/Photo - Reuters