Home
မြန်မာသတင်း
ထန်တလန်တိုက်ပွဲတွင် စစ်တပ်က ၈၀ ကျော် သေဆုံးဒဏ်ရာရ၊ ချင်းတော်လှန်ရေးပူးပေါင်းတပ်က ၁၅ ဦး ကျဆုံး
DVB
·
August 30, 2023

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေရဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၈၀ ကျော်သေဆုံးဒဏ်ရာရပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဘက်က ၁၅ ယောက် ကျဆုံးခဲ့တယ်လို့ CDF-Thantlang က ဒီနေ့ ထုတ်ပြန်ပါတယ်။

Tilim Operation 3 လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးနဲ့ ဩဂုတ် ၂၇ နဲ့ ၂၈ ရက်မှာ ထန်တလန်မြို့တွင်းက တပ်ကုန်းနဲ့ အနီးဝန်းကျင်က စစ်စခန်း ၅ ခု၊ မြို့တွင်းက စစ်တပ်စခန်းငယ် ၂ နဲ့ ဟားခါး-ထန်တလန်ကြား Auto Tower တောင်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီ Tilim Operation 3 စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံး၊ ၅၀ ကျော်ဒဏ်ရာရပြီး လက်နက် ၅ လက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ ချင်းတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ CNA ကရဲဘော် ၅ ယောက်၊ CDF- ထန်တလန်က ရဲဘော် ၄ ယောက်၊ CDF-ဟားခါးက ရဲဘော် ၁ ယောက်နဲ့ CDF-ဇို‌ဖေက ရဲဘော် ၅ ယောက်၊ စုစုပေါင်း ရဲဘော် ၁၅ ယောက်ဟာ ချင်းအမျိုးသားလွတ်မြောက်ရေးအတွက် အသက်ပေးလှူခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို ချင်းအမျိုးသားတပ်ဦး (Chin National Army -CNA)၊ CDF ထန်တလန်၊ CDF ဟားခါးနဲ့ CDF ဇိုဖေ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က Tilim Operation 2 စစ်ဆင်ရေးကို ဆင်နွှဲခဲ့ပြီး အဲဒီတိုက်ပွဲအပြီး ခလရ ၂၆၉ က တပ်သားတယောက်ဟာ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်ခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက်မှာလည်း ထန်တလန်နဲ့ ဟားခါးကြားက Auto တောင်ကြော၊ TBC နဲ့ TABC နေရာတို့က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီ ၃၇ ရက်ကြာတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၁၅ ယောက်သေဆုံး၊ ၃၀ ကျော်ဒဏ်ရာရပြီး ၂ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024