မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့ ရေတပ်အင်အားကို ပိုမို အားကောင်းအောင်လုပ်ဖို့ တိုက်တွန်းလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က သြဂုတ် ၂၉ ရက်မှာ ထုတ်လွှင့်ပါတယ်။
အမေရိကန်ဟာ ကိုရီးယားကျွန်းဆွယ်အနီးရှိ ရေပြင်ကို "နျူကလီးယားစစ်ပွဲအန္တရာယ်ရှိတဲ့ မတည်ငြိမ်ဆုံး ရေပိုင်နက်အဖြစ်ကို ပြောင်းလဲခဲ့တယ်"လို့လည်း ကင်မ်က စွပ်စွဲထားပါတယ်။
ကင်မ်ဂျုံအန်းဟာ ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ ရေတပ်ကွပ်ကဲမှုဌာနချုပ်ကို သွားရောက်ပြီး မိန့်ခွန်း ပြောကြားနေတဲ့ ဓာတ်ပုံတွေကိုလည်း KCNA က ထုတ်ပြန်ခဲ့သလို အစိုးရပိုင် KRT ရုပ်မြင်သံကြားကလည်း ခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သူ့သမီးတို့ဟာ ကိုရီးယား ပြည်သူ့တပ်မတော် (KPA) ရေတပ်နေ့ကို ဂုဏ်ပြုဖို့ သြဂုတ် ၂၇ ရက်က ရေတပ်ဌာနချုပ်ကို သွားရောက်ခဲ့တဲ့ ဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်၊ ကမ့်ဒေးဗစ်မှာ ပြုလုပ်ခဲ့တဲ့ သြဂုတ် ၁၈ ရက် ထိပ်သီးအစည်းအဝေးကို ရည်ညွှန်းပြီးတော့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ "ဂိုဏ်းခေါင်းဆောင်ကြီးတွေ” ပုံမှန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ကင်မ်ဂျုံအန်းက ရေတပ်မတော်နေ့ အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေအပေါ် ပူးတွဲတုံ့ပြန်မှုတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ အူလ်ချီ လွတ်လပ်ရေးဒိုင်း နွေရာသီစစ်ရေးလေ့ကျင့်မှုကို ပြီးခဲ့တဲ့ သီတင်းပတ်က စတင်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် အစမ်းလေ့ကျင့်မှုအဖြစ် မြောက်ကိုရီးယားဘက်က ရှုတ်ချခဲ့ပါတယ်။
Source/Photo-Reuters