Home
မြန်မာသတင်း
၁၀၅ မိုင်ဂိတ်နား ပြည်သူ့စစ်နှင့်စစ်တပ် ပစ်ခတ်မှုဖြစ်၊ နမ့်ဖတ်ကာတွင် လက်နက်ကြီးကျပြီး နေအိမ် ၂ လုံး ပျက်စီး 
DVB
·
August 30, 2023

တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရာ လမ်းကြောင်းပေါ်က မူဆယ် ၁၀၅ မိုင် မောင်းတံဂိတ်နား ဩဂုတ် ၂၉ ရက် မွန်းလွဲ ၂ နာရီကျော်လောက် ပြည်သူ့စစ်နဲ့ စစ်တပ်တို့ အချင်းချင်းခိုက်ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်အရာရှိ အပါအဝင် ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ 

၁၀၅ မိုင် အေးရှားဝေါလ်အနီး ဘုရားကုန်းမှာ စခန်းချနေထိုင်တဲ့ လုံထန် ပြည်သူ့စစ်အဖွဲ့က လာပစ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“အချင်းချင်းပစ်တာ။ ပြည်သူ့စစ်တွေက စစ်ကောင်စီတွေကို ပစ်တော့ စစ်ကောင်စီဘက်ကလည်း ပြည်သူ့စစ်ကို ပြန်ပစ်တာ။” 

အဲဒီပစ်ခတ်မှုအတွင်း ဂိတ်မှာရှိတဲ့ ၄၂၁ တပ်က အရာရှိ ၁ ဦး၊ ဆက်သွယ်ရေး တပ်ကြပ်ကြီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရှိတယ်လို့ ပြောပေမဲ့ ဓာတ်ပုံထဲမှာတော့ ပြည်သူ့စစ် ၁ ဦး အပါအဝင် သုံးဦး သေဆုံးနေတာ တွေ့ရပါတယ်။ 

ကားကုန်တင်ကားသမားတဦးကတော့ အဲဒီဂိတ်မှာ လုံထန်ပြည်သူ့စစ်နဲ့ စစ်တပ်ပဲ ထိုင်တယ်လို့ ပြောပါတယ်။ 

အဲဒီဂိတ်က မူဆယ် ၁၀၅ မိုင်ကနေ လားရှိုးဘက်အထွက်၊ အေးရှားဝေါလ်ဂိတ်မှာ ဖြစ်ပြီး ပုံမှန် ၅ ယောက်လောက်ပဲ ထိုင်တာလို့ ဆိုပါတယ်။ 

မနေ့နဲ့ ဒီကနေ့မှာတော့ မူဆယ်မြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီနဲ့ TNLA တို့လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပါ အသုံးပြုနေပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာတော့ ဩဂုတ် ၂၉ ရက် ညနေ ၃ နာရီခွဲ ဝန်းကျင်က ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၄ မှာ လက်နက်ကြီး ကျ‌ရောက်တာကြောင့် နေအိမ် ၂ လုံး ထိမှန် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

“ဟုတ်တယ်။ အိမ် ၂ အိမ်တော့ ထိတယ်။ ဒါပေမဲ့ အရမ်းဆိုးဝါးသွားတာက ရပ်ကွက် ၃ က ဆရာ မောင်မောင်သာရဲ့ အိမ်” လို့ ရပ်ကွက် ၃ နေ အမျိုးသမီးတဦးက ပြောပါတယ်။ 

လူထိခိုက်တာ မရှိပေမယ့် အဲဒီအိမ်ရဲ့ အပေါ်ဘက်က အမိုးတွေ၊ မျက်နှာကြက်တွေ အကုန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

“ရပ်ကွက် ၃ မှာက ၂ လုံး လာကျတာမှာ ၁ လုံးက မီးသွေးအိတ် ပုံထားတဲ့ထဲမှာ ကျကွဲပြီး ၁ လုံးက အိမ်မှာကို ထိမှန်သွားတာ” လို့ သူက ရှင်းပြပါတယ်။ 

ရပ်ကွက် ၄ ဘက်က‌ အိမ်က အရမ်းတော့ မထိဘဲ လူကတော့ လက်တွေမှာ နည်းနည်း စင်ထိ ဒဏ်ရာရတယ်လို့ ရပ်ကွက် ၄ နေ အမျိုးသမီးတဦးက ပြောပါတယ်။ 

"ရပ်ကွက် ၄ နဲ့ အောင်သပြေဘက်မှာ။ အဲမှ TNLA တွေ ရှိလို့လေ။ အဲဒီမှာ သူတို့ (နမ့်ဖတ်ကာ စစ်ကောင်စီ ၁၂၃ တပ်က) လှမ်းပစ်သွားတာ။" 

အဲဒီမှာတော့ လက်နက်ကြီး ၁ လုံးပေါက်ကွဲလို့ လူ ၁ ဦး နည်းနည်းဒဏ်ရာရပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည် ၂ လုံးလည်း ကျန်နေတယ်လို့ သူက ပြောပါတယ်။

မနေ့ညနေက တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းအပြည့်အစုံ  သေနတ်တွေနဲ့ ဘုရားကျောင်းဘက်သွားတဲ့ လမ်းမကြီးဘေးမှာ တွေ့ရတယ်လို့ မျက်မြင် ဒေသခံ နောက်တဦးက ပြောပါတယ်။ 

“သူတို့ရှိတယ်ဆိုတဲ့ သတင်းရတော့ ဒီစစ်တပ်ကုန်းက လူတွေက သူတို့ကို ပစ်တာလေ။ ...  ရပ်ကွက် ၃ ဘုရားကျောင်း တက်သွားတဲ့လမ်းဘေးနားက လမ်းမကြီးမှာကို နေနေကြတာလေ။ ကလေးတွေ ကျောင်းဆင်းလာတဲ့ အချိန်။" 

ဘယ်လက်နက်ကိုင် အဖွဲ့ကိုမှ ရွာထဲ၊ ရပ်ကွက်ထဲ ယူနီဖောင်းနဲ့ လက်နက်တွေကိုင်ပြီး လုံးဝ မလာစေချင်ဘူးလို့ သူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကလည်း နမ့်ဖတ်ကာ ဇီးဒဘန်ရွာလမ်းနဲ့ ဈေးအနီးက နေအိမ် ၁ လုံးပေါ် လက်နက်ကြီးကျတာကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ဇီးဒဘန်ရွာမှာ လက်နက်ကြီးကျည်ထိမှန်တာကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024