မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၄,၀၁၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၄,၄၇၃ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၉,၉၅၄ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၇,၁၉၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၂ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ်ချမှတ်ခံ ထားရသူ ၄၃ ယောက်အပါအဝင် ၁၁၉ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၅ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါ တယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၅၁၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှတ်တမ်းနှင့် သုတေသနဌာနရဲ့ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီကနေ ဩဂုတ် ၂၉ ရက်အထိ ကရင်ပြည်နယ်မှာ စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ၃၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကာလအတွင်း ကရင်ပြည်နယ်ထဲမှာ စစ်အုပ်စုက ဖမ်းဆီးခံခဲ့ရသူ ၁၃ ယောက်ရှိပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ တရားရုံးတွေက မတရားပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၆ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက တောင်ကြာအင်းတံတားအနီးမှာ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ကရင်အမျိုးသား ကာကွယ် ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ် စစ်အုပ်စုက ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမနဲ့ လက်နက်ငယ်တွေ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မန်းမြင့်ကျော်မှာ လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။