Home
မြန်မာသတင်း
“တွေ့ဆုံဆွေးနွေးရေးဟာ အခုအချိန်မှာ ပြောဆိုရမယ့် ကိစ္စတခုမဟုတ်ဘူး” NUG နိုင်ငံခြားရေးဝန်ကြီး
DVB
·
August 29, 2023

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးသဘောအရ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းပြောဆိုတာက စစ်ကောင်စီကို နိုင်ငံရေးအရ ထွက်ပေါက်ဆီသွားဖို့ အချိန်ပေးနေတာဖြစ်ပြီး လက်ရှိ စစ်တပ်ကျူးလွန်နေတဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို ပိုဆိုးဝါးစေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲပါဝင်တဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့ အဖြေရှာဖို့ဆိုတာနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဩဂုတ် ၂၉ ရက်က ပြုလုပ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောကြားလိုက်တာပါ။

“ကျမတို့ကို အခုလို တွေ့ဆုံဆွေးနွေးရေးတခုတည်းကိုပဲ ဇောင်းပေးပြီးတော့ ပြောနေတာ တိုက်တွန်းနေတာက စစ်ကောင်စီကို အချိန်ပေးပြီးတော့ သူ့ရဲ့ဖိနှိပ်မှုတွေ ပိုမိုဆိုးရွားစေတယ်ဆိုတာကိုပဲ ဖြစ်စေတယ်။ စစ်ကောင်စီက သူ့ရဲ့ ထွက်ပေါက်ဆီကိုသွားဖို့ အချိန်ဆွဲတဲ့ ယန္တရားကို သုံးနေတာ ဖြစ်တဲ့အတွက်ကြောင့် ဒီဒိုင်ယာလော့ကို အယောင်ပြပြီးတော့မှပေါ့နော် သူသက်ဆိုးရှည်ဖို့ပဲ လုပ်နေတဲ့ ကိစ္စကို support လုပ်သလိုပဲ ဖြစ်နေမယ့် အခြေအနေမျိုးရှိဖြစ်နေတယ်။ ဒီကိစ္စဟာ ကျမတို့အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဟာ အခုအချိန်မှာပေါ့နော် ပြောဆိုရမယ့် ကိစ္စတခုမဟုတ်ဘူးလို့ပဲ ကျမတို့အနေနဲ့ မြင်မိပါတယ်။ အာ့တော့ ကျမတို့အနေနဲ့ အခုချိန်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ််မှာပါတဲ့ နွေဦးတော်လှန်ရေး အန္တိမပန်းတိုင်တွေအတိုင်း နိုင်ငံရေးအင်အားစုတွေ သပိတ်အင်အားစုတွေ တိုင်းရင်းသား အင်အားစုတွေနဲ့ တသံတည်း တသဘောတည်းရှိမယ့် အပေါ်မှာပဲ ရပ်ပြီးတော့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းသွားမယ်ဆိုတာကို ကျမပြန်ပြီး ပြောလိုတယ်။ ကျမတို့ရဲ့ တခုတည်းသော နိုင်ငံရေးလမ်းပြမြေပုံသည် ဖက်ဒရယ် ဒီမိုကရေစီ ချာတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းကောင်စာရင်း ကောက်ယူဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ဖော်ပြောဆိုတာတွေ ရှိနေတဲ့အတွက် တွေ့ဆုံညှိနှိုင်းရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်ဦးတည်နေတာလို့ နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောပါတယ်။

“ဒိုင်ယာလော့လို့ ပြောကြမယ်ဆိုရင် ၂ ဖွဲ့တည်းနဲ့မပြီးပါဘူး၊ စစ်ကောင်စီနဲ့ NUG နဲ့ပဲ ပြီးတဲ့ကိစ္စမဟုတ်ဘူး။ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ကတော့ အာဆီယံရဲ့ကြိုးစားမှု ၂ နှစ်လုံးလုံးကို စစ်ကောင်စီက ဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတဲ့ဟာကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါ့အပြင်ကို သူတို့နည်း သူတို့ဟန်နဲ့ပဲ ရွေးကောက်ပွဲအကြောင်းပြပြီးတော့ ရွေးကောက်ပွဲတရပ် လုပ်မယ့်အရေးကို အာရုံစိုက်နေတာကို တွေ့ရတယ်။ အဲဒီတော့ ဒါတွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာ မေးမြန်းနေတဲ့ စိတ်ဝင်စားနေတဲ့ စေ့စပ်ဆွေးနွေးရေးကို စိတ်ဝင်စားမှုမရှိ လိုက်လျောမှုမရှိဘူးဆိုတာ ပြသနေတာဖြစ်တယ်။” 

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ NUG၊ CRPH နဲ့ PDF တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ကြောင်း ဝန်ခံချက်ပေးပြီး ကမ္ဘာသိကြေညာချက် ထုတ်ပြန်ပေးမှသာ တွေ့ဆုံဆွေးနွေေနိုင်မယ်လို့ ဩဂုတ် ၂၂ ရက် ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024