Home
မြန်မာသတင်း
မြိုင်၊ မင်းကင်းနှင့် ယင်းမာပင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
August 29, 2023

မကွေးတိုင်း မြိုင်မြို့နယ် ကိုင်တောမရဲစခန်း၊ သရက်ကန်ရွာပျူစောထီးနဲ့ ရေစက်ကင်းစခန်းတွေကို  သြဂုတ် ၂၈ ရက်နေ့ နေ့လယ်ပိုင်းက RPG တွေ၊ ၄၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ မြိုင်မြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ သုတက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိမှုအခြေအနေကို မသိရသေးဘဲ ပခုက္ကူ Underground အဖွဲ့က ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ သရက်ကန်ရွာ ပျူစောထီးစခန်းနဲ့ စက်မှု ၂ ကို သွယ်တန်းထားတဲ့ ရေစက်ကင်းစခန်းအား Rocket လက်နက်ကြီးမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြလို့ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ ရှိနိုင်တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ ကိုဘငြိမ်းအဖွဲ့၊ နိုင်းနိုင်းပကဖ၊ ပခုက္ကူ Underground အဖွဲ့၊ တမာမြေအဖွဲ့၊ Young Force UG၊ RDF၊ အလင်းတန်းတပ်ဖွဲ့(မြိုင်)၊ GOC အဖွဲ့နဲ့ PRDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ကံကျေးရွာက စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတွေကို ​သြဂုတ် ၂၈ ရက် မနက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကံကျေးရွာက ပျူစောထီးတွေ နေထိုင်တဲ့ကျေးရွာဖြစ်ပြီး အဲ့ရွာမှာရှိတဲ့ ပျူစောထီးတွေကို ၄ နာရီနီးပါးကြာ ဒရုန်း၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် King က ပြောပါတယ်။

"ပျူစောထီးရွာပါ ဝင်စီးတာပေ။ သူတို့ဘက်က ထိခိုက်သေဆုံးတာကို တိုက်ပွဲအတွင်းမှာ မျက်မြင်တွေ့ခဲ့ရတာပါ။ ရန်သူဘက်က ၇ ယောက်နဲ့ ၁၀ယောက်ကြားသေဆုံးပြီး ဒဏ်ရာရသူ ၅ ယောက် နဲ့ အထက်ရှိလမ့်မယ် ခန့်မှန်းရပါတယ်။" 

ကံကျေးရွာတိုက်ပွဲမှာ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) က ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကံကျေးရွာတိုက်ပွဲမှာ ကာဘိုင် M 2 နှစ်လက်၊ ပြောင်းချော ၂ လက်၊ 0.30 ကျည် ၁၉၃ တောင့်၊ ပြောင်းချောကျည် ၇၂ တောင့်၊ ကာဘိုင်ကျည်ဘောက် ၅ ခု၊ ဖုန်း ၂၈ လုံးနဲ့ ဆိုင်ကယ် ၇ စီးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကံကျေးရွာကို ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့၊ တိမ်လွှာဒေါင်းမင်း ပကဖအဖွဲ့နဲ့ local pdf တွေပါဝင်တဲ့ တပ်ပေါင်းစုက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စေသူရွာသစ်ကွင်းမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ကို လည်း ဩဂုတ် ၂၈ ရက်‌ ညနေက ဒရုန်း၊ လေယာဉ်ငယ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တာဟာ Chindwin Brother အဖွဲ့ကို တည်ထောင်သူ ဗိုလ်သူရခေါ် (ခ) ကိုလှမင်းနိုင်ကျဆုံးတဲ့ ၁ နှစ်ပြည့်အတွက် သွေးကြွေးပြန်ဆပ်တာလို့လည်း ဆိုပါတယ်။

“တပ်ပေါင်းစုပြီး အုပ်စုဖွဲ့နေတဲ့အချိန်ကို ကျနော်တို့ ဒရုန်းလေယာဉ်ငယ်နဲ့သွားပြီး ဗုံးသီးချခဲ့တာဗျ။ သူတို့ဘက်ကလည်း ပြန်ပစ်တာတွေလည်းရှိတယ်၊   ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။ သစ်ကွင်းထဲက သစ်တွေကိုလည်း ခိုးထုတေပြီး ချင်းတွင်းမြစ်အတွင်းက‌နေ ဖလပ်သင်္ဘာကြီး တွေနဲ့‌‌ သယ်‌နေကြတယ်” လို့ Chindwin Brother တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို Chindwin Brothers DGF-တပ်ခွဲ၊ Dragon Brothers Task Force DBTF နဲ့ B21 အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024