Home
မြန်မာသတင်း
မူဆယ်တွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျကွဲသဖြင့် နေအိမ်နှင့် KBC ဘုရားကျောင်း ထိမှန်
DVB
·
August 28, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာမှာ ဩဂုတ်လ ၂၇ ရက်ညနေ ၃ နာရီခွဲလောက်က ဆက်ကြေးကောက်နေတဲ့ TNLA တပ်ကို စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပြည်သူနေအိမ် တလုံးနဲ့  KBC ဘုရားကျောင်း လက်နက်ကြီး ထိမှန် ပျက်စီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ 

“နမ့်အွမ်ဘက်က သူတို့ ဆက်ကြေးကောက်လို့ ဖြစ်တာ။ တအာင်းတွေ။ လမ်းမပေါ်မှာ သုံး၊ လေးရက်လောက်ရှိပြီ” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။ 

နေ့တိုင်း ဖြတ်သွားဖြတ်လာ ကားတွေကို အဲဒီလို ဆက်ကြေးကောက်တော့ နမ့်အွမ် ဘုရားကုန်းမှာ စစ်ကောင်စီတပ်တွေ ရှိ‌တော့ အဲဒီကနေ ပစ်ထည့်လိုက်တော့ ရွာထဲ ကျတာလို့ သူက ပြောပါတယ်။ 

နောက်ထပ် ဒေသ ခံ ၁ ဦးက “နမ့်အွမ်ဘက် ဒီနေ့ TNLA တွေ အခွန်ကောက်တဲ့ နေရာ ၆၀ မမနဲ့ ပစ်လိုက်လို့ အိမ်တစ်အိမ် ထိသွားတယ်။ ညနေ ၃ နာရီကျော်လောက်မှာ ဟုတ်တယ်။ ကချင်အိမ် ၁ အိမ်နဲ့ KBC ဘုရားကျောင်းလည်း နည်းနည်းထိသွားတယ်” လို့ ပြောပါတယ်။ 

နမ့်အွမ်ရွာမှာ ဆက်ကြေးကောက်နေတဲ့ TNLA တွေကို စစ်ကောင်စီက ၆၀-မမ ပစ်လိုက်လို့ ရွာထဲ ကျကွဲတာ ဖြစ်ပြီး ရွာထဲနဲ့ နီးနီးကပ်ကပ် ဘယ်လက်နက်ကိုင်မှ လာရောက်‌တာမျိုး၊ နေထိုင်တာမျိုး မလိုလားကြောင်း၊ စစ်ကောင်စီတပ် အပါအဝင် ဘယ်လက်နက်ကိုင်အဖွဲ့ကမှ ပြည်သူတွေကို လုံခြုံမှု မပေးနိုင်ကြောင်း သူက ပြောပါတယ်။ 

နမ့်အိမ် ဒေသခံ လူငယ် ၁ ဦးကလည်း “TNLA တွေကို ပစ်တာထင်တယ်။ TNLA တွေ ဆက်ကြေး မတော်မတရား လာကောက်နေလို့။ ကားသမားတွေဆီမှာ ဆက်ကြေး လာတောင်းနေတာ” လို့ ပြောပါတယ်။ 

လူထိခိုက်တာ မရှိပေမယ့် ဈေးဘက်ကနေ တက်လာရင် ဘယ်ဘက်က ဒေါ်ဒါ့ဘန်ထုတို့ နေအိမ်ဝန်း အုတ်နံရံ ထိခိုက်ပျက်စီးသွားပြီး ဘုရားကျောင်း ပြတင်းပေါက်မှန်နဲ့ ‌အုတ်နံရံတွေပါ အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်လို့ သူကပြောပါတယ်။ 

TNLA က ယူနီဖောင်းအပြည့်အစုံနဲ့ မြန်မာနိုင်ငံရဲ့ အရှေ့မြောက် အဓိက ကုန်သွယ်ရာ လမ်းမ ပေါ်မှာ ရှိတဲ့ နမ့်အွမ်ရွာထဲ ကနေ လမ်းသွားလမ်းလာ ကားသေး၊ ကားကြီး တွေကို ဩဂုတ်လ ၂၅၊ ၂၆၊ ၂၇ ရက်နေ့တွေ ဆက်တိုက် ဆက်ကြေး လာရောက်ကောက်ခံနေတာ တွေ့ရပြီး စစ်ကောင်စီတပ်ဖွဲ့တွေလည်း နမ့်အွမ်ရွာမှာပဲ နေနေကြလို့ ဒေသခံတွေက စိုးရိမ်နေကြတာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လမှာလည်း စစ်ကောင်စီနဲ့ TNLA တို့ အကြားတိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ‌လက်နက်ကြီးနဲ့ရော လေကြောင်းနဲ့ရော အပြင်းအထန် ပစ်ခတ်တာကြောင့် လက်နက်ကြီး ထိမှန်ကာ နမ့်အွမ်ဒေသခံ အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရကာ ပြည်သူတွေရဲ့ နေအိမ်၊ ဆိုင်ခန်း အချို့ ထိခိုက်ပျက်စီးခဲ့တဲ့ အပြင် တီးမ ဒေသခံ လူငယ် ၂ ဦးကိုလည်း စစ်ကောင်စီက တရားဖမ်းဆီး သတ်ဖြတ် အလောင်းဖျောက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024