Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၃၀ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ
DVB
·
August 28, 2023

ထိုင်းနိုင်ငံ၊ နခွန်စီထမရတ်ခရိုင်မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ တရားဝင်သွားရောက်လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမားအယောက် ၃၀ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ကာယကံရှင်အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအလုပ်သမား ၃၀ ဟာ ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ နန်ရီယန်မြို့ရှိ logic Construction And Engineering ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံမှ ရွှေရတနာဖြိုးကုမ္ပဏီနဲ့ ၂  နှစ်စာချုပ် ချုပ်ဆိုခဲ့တာလို့ ဆိုပါတယ်။

အဆိုပါစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ရွှေရတနာဖြိုးကုမ္ပဏီက မြန်မာအလုပ်သမားတွေကို  မြန်မာပွဲစားမှတဆင့် စာချုပ်ပါလုပ်ငန်းခွင်မဟုတ်ဘဲ ထိုင်းနိုင်ငံ၊ နခွန်စီထမရတ်ခရိုင်ရှိ CSN-Environment And Engineering Limited Partnership ကုမ္ပဏီကို ဇူလိုင် ၂၂ ရက်မှာ ပို့ဆောင်ပေးခဲ့ပါတယ်လို့ သိရပါတယ်။

အလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း (WAG) မှ ကိုမုန်တိုင်းက“မြန်မာအလုပ်သမားတွေက ရွှေရတနာဖြိုးကုမ္ပဏီကနေတဆင့် မြန်မာပွဲစား မမာလာဦးနဲ့ ထိုင်းနိုင်ငံသို့ ရောက်လာတယ်။ မမာလာဦးက အဲဒီဆောက်လုပ်ရေးအေးဂျင့်မှာ မြန်မာအလုပ်သမားတဦးကို ဘတ် ၅,၀၀၀ နဲ့ ရောင်းစားခဲ့တယ်။ အဲဒီဆောက်လုပ်ရေး သူဌေးကလည်း ပတ်စပို့တွေ သိမ်းထားခဲ့တယ်။ အခုချိန်မှာ သူဌေးက မြန်မာအလုပ်သမားတယောက်လျှင် ဘတ် ၁၃,၀၀၀ ပြန်ပေးမှ ပတ်စပို့တွေပြန်ပေးမယ်လို့ ပြောပါတယ်။ မြန်မာအလုပ်သမားတွေက ကျနော်တို့ WAG အဖွဲ့ဆီ လာတိုင်တော့ ကျနော်တို့က မြန်မာပြည်အေးဂျင့်တွေဆီ ချိတ်ဆက်ပြီး တာဝန်ယူခိုင်းထားပါတယ်။ သူတို့ဘက်ကလည်း တာဝန်ယူပေးမယ်လို့ ပြောပါတယ်။ တကယ်လို့ သူတို့ဘက်က တာဝန်မယူဘူးဆိုရင်တော့ ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေဆီ လူမှုကူညီ စောင့်ရှောက်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုင်ကြားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ CSN ဆောက်လုပ်ရေးဆိုက်မှာ တလကျော် အလုပ်လုပ်ကိုင်ပြီးတဲ့နောက် အလုပ်ပုံမှန်မဆင်းရတာ၊ လုပ်အားခရော ချေးငွေရောမထုတ်ပေးတာ၊ ပတ်စ်ပို့စာအုပ်တွေ ပေးမကိုင်တာနဲ့ အေးဂျင့်ရဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိတာတွေ ကြုံနေရတယ်လို့ ကာယကံရှင် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

ကာယကံရှင် အလုပ်သမားတဦးက  “ကျနော်တို့ဘက်က ရွှေရတနာဖြိုးကုမ္ပဏီကို လူတစ်ဦးလျှင် သိန်း ၂၀ မှ ၂၈ကြား ဝန်ဆောင်ခပေးရတယ်။ မြန်မာအလုပ်သမားတွေထဲမှာ ပဲခူးတိုင်းက ၂၅ ဦးနဲ့ ရှမ်းပြည်နယ်က ၅ ဦးပါပါတယ်။ မြန်မာနိုင်ငံမှာ စာချုပ်ချုပ်ခဲ့တဲ့ ကုမ္ပဏီမဟုတ်ဘူးဆိုရင်တော့ ကျနော်တို့ဘက်က လျော်ကြေးပြန်လိုချင်ပါတယ်။ ကျနော်တို့ဘက်က ရှေ့ဆက်ပြီးတော့ CSN ကုမ္ပဏီမှာ အလုပ်ဆက်မလုပ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။

ရွှေရတနာဖြိုးကုမ္ပဏီမှ တာဝန်ရှိသူတဦးက “ကျနော်တို့ WAG ကိုလည်း အကြောင်းကြားပြီး သွားပါပြီ။ ဆောက်လုပ်ရေးစာချုပ်ဆိုတော့ မြို့နယ်တခုနဲ့ စာချုပ်သွားတယ်ဆိုပေမယ့် MOU က သုံးလလောက်ကြာတယ်။ စာချုပ်ချုပ်တဲ့ မြို့ပြီးတော့ တခြားဆိုက်ကို ပြောင်းရတယ်။ အလုပ်တွေက သူဌေးဆိုက်ရှိတဲ့ဘက်မှာ သွားလုပ်ရတယ်။ အခုက မြန်မာအလုပ်သမားတွေက လစာမမှန်ဘူးဖြစ်နေတယ်။ ကျနော်ဘက်က တာဝန်ရှိသူတွေကလည်း ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ လာမယ့်အပတ်မှာလည်း အဲဒီဆောက်လုပ်ရေးဘက်က သူဌေးနဲ့သွားတွေ့ပြီး ဖြေရှင်းပေးဖို့ ကြိုးစားနေပါတယ်။ မမာလာဦးက သူဌေးရဲ့ မြန်မာရုံးဝန်ထမ်းတယောက်ပါ။ မြန်မာအလုပ်သမားတွေကို ရောင်းစားတာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024