စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို သြဂုတ် ၂၆ ရက် မနေ့ည ၁၀ နာရီခွဲ ဝန်းကျင်မှာ ဒေသခံတော်လှန်ရေးတပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းနှစ်စင်းနဲ့ တပိဿာခွဲအလေးချိန်ရှိတဲ့ ဗုံးသီး ၈ လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုပ်တပ်ရင်း ၁၊ နဂါးနီတပ်ရင်းက ဒု တပ်ရင်းမှူး ဆရာလေးက ပြောပါတယ်။
"ည ဆယ်နာရီခွဲဆိုတော့ စစ်သားနဲ့ပျူစောထီးတွေ တော်တော်များများ အိပ်ပျော်သွားပြီ။ ဘန်ကာထဲရယ်၊ ရွာထဲက ပင်မဆောင်ထဲကိုချတယ်။ သူတို့ဘက်က သေတဲ့သူလည်း ရှိတယ်။ ဒဏ်ရာရသူတွေလည်း များတယ်။ သူတို့ဘက်က တုံ့ပြန်နိုင်မှုမရှိဘူး။"
စစ်သားနဲ့ ပျူစောထီးတွေ ဘယ်လောက် သေဆုံးဒဏ်ရာရတယ်လို့ အတိအကျ မသိရသေးဘဲ ဒဏ်ရာရသူတွေကိုတော့ အရာတော်ဆေးရုံမှာ ပို့ဆောင် ကုသထားတယ်လို့ သိရှိထားရကြောင်းလည်း ဆိုပါတယ်။