Home
မြန်မာသတင်း
ရန်ကုန်အခြေစိုက် တီမောသံရုံးတာဝန်ခံကို စစ်ကောင်စီ မောင်းထုတ်
DVB
·
August 27, 2023

စစ်ကောင်စီဟာ ရန်ကုန်မှာရှိတဲ့ အရှေ့တီမောနိုင်ငံ(တီမောလက်စ်တေ) သံရုံးက ယာယီတာဝန်ခံကို လာမယ့် စက်တင်ဘာ ၁ ရက် မတိုင်ခင် မြန်မာနိုင်ငံကနေ ထွက်သွား ခိုင်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၅ ရက်မှာ သံတမန်စာနဲ့ အကြောင်းကြားခဲ့တာ လို့ ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

တီမောအစိုးရက NUG ‌နဲ့ ထိတွေ့ ဆက်ဆံတာတွေရှိတဲ့အပေါ် စစ်ကောင်စီက သတိပေးခဲ့ပေမယ့် ဆက်လုပ်နေတာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းနဲ့ မကိုက်ညီတဲ့ တီမောလက်စ်တေ အစိုးရရဲ့ပြောကြားချက်နဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။

NUGရဲ့ လူ့အခွင့်အရေးဝန်ကြီး ဒေါက်တာအောင်မျိုးမင်းက  “တီမောသမ္မတကြီးက သူတို့ရဲ့ ရပ်တည်ချက်ကို ဂုဏ်ယူတယ်လို့ တုန့်ပြန်ထားပြီး တီမောနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ် ခိုင်ခိုင်မာမာရပ်တည်ချက်ကို အထူးလေးစားပါတယ်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောဆို ထားပါတယ်။

အရှေ့တောင်အာရှ ဒီမိုကရက်တစ်နိုင်ငံတခုဖြစ်တဲ့ တီမောဟာ  ဇူလိုင်လတုန်းက သူ့ရဲ့ ၉ ကြိမ် မြောက် အစိုးရအဖွဲ့ ကျမ်းသစ္စာဆိုပွဲမှာ NUG အစိုးရကို ဖိတ်ကြား တက်ရောက်စေခဲ့တာပါ။

ဒါ့အပြင် မြန်မာ့ပြသနာတွေကို မဖြေရှင်းနိုင်ရင် အာဆီယံကို မဝင်ဘူးလို့လည်း တီမောဝန်ကြီးချုပ် က ဒီလဆန်းမှာ ပြောကြားထားပါတယ်။

ပေါ်တူဂီတို့ ကိုလိုနီပြုခံခဲ့ရသလို အင်ဒိုနီးရှားတို့ သိမ်းပိုက်ခြင်းခံခဲ့ရတဲ့ အရှေ့တီမောနိုင်ငံဟာ ၂၀၀၂ခုနှစ်ကြမှာသာ အချုပ်အခြာအာဏာပိုင် နိုင်ငံတခုဖြစ်လာ ၂၀၁၁ခုနှစ်ရောက်မှသာ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ၁၁နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာနိုင်ဖို့ ကြိုးပမ်းခဲ့ပြီး စောင့်ကြည့်သူအဖြစ် ရပ်တည်ခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် အကြိမ် ၄၀ မြောက်နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက တီမောလက်စ်နိုင်ကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ်  မူအားဖြင့်သဘောတူခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024