Home
မြန်မာသတင်း
ထားဝယ်သပိတ်ကော်မတီဝင် ၁ ဦး၏ ဖခင်ကို ထောင် ၂ နှစ် ချ
DVB
·
August 27, 2023

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် တယောက်ဖြစ်သူ ကိုမင်းလွင်ဦးရဲ့ဖခင် ဦးအောင်ဖေကို စစ်ကောင်စီဩဇာခံ လောင်းလုံးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချခဲ့ပါတယ်။   

ဩဂုတ် ၂၃ ရက်က ထောင်ဒဏ်ချခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ ကိုမင်းလွင်ဦးက "နိုင်ငံတဝန်းလုံးက ပြည်သူတွေခံစားနေရသလိုပါပဲ။ စစ်ကောင်စီမှာ ဘာမှ မျှမျှတတ သတ်မှတ်ထားတဲ့စံနှုန်း ရှိမနေဘူး။ အခု အမိန့်ချစွပ်စွဲလိုက်တဲ့ ၅၀၅ က နဲ့လည်း အဖေ့မှာ ငြိစွန်းနေတာမျိုးမရှိဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။  

ဦးအောင်ဖေဟာ သာမန်အရပ်သားလယ်သမား တယောက်ပဲဖြစ်ပြီး ကိုမင်းလွင်ဦးဟာလည်း အိမ်ထောင်ကျပြီးကတည်းက သူ့မိဘနေအိမ်မှာ မနေတော့တာကြောင့် သားရဲ့လုပ်ရပ်အတွက် ဖခင်ကိုဓားစာခံအဖြစ် ဖမ်းဆီးတာဟာ စစ်ကောင်စီရဲ့ သူရဲဘောကြောင်တဲ့လုပ်ရပ်ပဲဖြစ်တယ်လို့လည်း ဦးအောင်ဖေ အဖမ်းခံရစမှာ ကိုမင်းလွင်ဦးက ဒီဗွီဘီကို ပြောခဲ့ဖူးပါတယ်။  

ကိုမင်းလွင်ဦးရဲ့ဖခင်ကို စစ်ကောင်စီက နေအိမ်မှာ ဇွန် ၁၉ ရက်က အင်အား အလုံးအရင်းနဲ့ ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ၂ လနီးပါး မိသားစုနဲ့တွေ့ခွင့်မပေးဘဲ လောင်းလုံးရဲစခန်းမှာ ချုပ်နှောင်ထားခဲ့ပါတယ်။  

ဩဂုတ် ၁၃ ရက်မှာ မိသားစုနဲ့ ပထမအကြိမ်တွေ့ခွင့်ပေးခဲ့ပြီးနောက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က) နဲ့ တရားစွဲခဲ့ပြီး ၁၀ ရက်အကြာမှာ ရုံးထုတ်စစ်ဆေး မတရားအမိန့်ချခံခဲ့ရတယ်လို့ သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။  

အသက်အရွယ်ကြီးရင့်နေတဲ့ သက်ကြီးပိုင်းအမျိုးသားဖြစ်တာကြောင့် မိသားစုနဲ့ သပိတ်ကော်မတီကတော့ ဦးအောင်ဖေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်တယ်လို့ဆိုပါတယ်။  

ထားဝယ်ခရိုင်မှာတော့ သပိတ်ကော်မတီက ဦးဆောင်ပြီး အကြမ်းမဖက်လူထု လှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒီနေ့အထိ ပြုလုပ်နေဆဲဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024