အာဆီယံယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သြဂုတ် ၂၆ ရက်ညပိုင်းက ယှဥ်ပြိုင်ကစားခဲ့ရာ ဗီယက်နမ် ယူ-၂၃အသင်းက အင်ဒိုနီးရှားယူ ၂၃ အသင်းကို ပင်နယ်တီအဆုံးအဖြတ် ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ယူပြီး ဆုဖလားဆွတ်ခူးခဲ့ပါတယ်။
ပုံမှန်ပွဲကစားချိန် မိနစ် ၉၀ အတွင်းကော အချိန်ပို မိနစ်၃၀ မှာပါ နှစ်သင်းလုံး ဂိုးမသွင်းနိုင်တဲ့ အတွက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာ အင်ဒိုနီးရှားအသင်းက ၁ ဂိုးလွဲချော်ခဲ့ပြီး ဗီယက်နမ်အသင်းက လွဲချော်ခဲ့ခြင်းမရှိတာကြောင့် ဗီယက်နမ်အသင်းချန်ပီယံဖြစ်ခဲ့ပါတယ်။
ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုတွေဖြစ်တဲ့ ဂိုးအများဆုံးဆုရွေဖိနပ်ဆုနဲ့ အကောင်းဆုံး ဂိုးသမား ရွှေလက်အိတ်ဆုတို့ကို ဗီယက်နမ်အသင်းမှ ဒင်ဟူရန်သီးမ်နဲ့ ကျူအန်ဗန်ချန်းတို့က ရရှိပြီး ပြိုင်ပွဲတလျောက်အကောင်းဆုံးကစားသမားဆုကိုတော့ အင်ဒိုနီးရှားတိုက်စစ်မှူး အက်ဟမ်ဖီကရီက ဆွတ်ခူးခဲ့ပါတယ်။
ဗီယက်နမ် ယူ-၂၃အသင်းဟာ အာဆီယံ ယူ-၂၃ဖလားကို နောက်ဆုံး နှစ်ကြိမ်ဆက်ရရှိခဲ့သလို ပြိုင်ပွဲတလျောက် အအောင်မြင်ဆုံး အသင်းအဖြစ် ၂ ကြိမ်နဲ့ရပ်တည်နေပါတယ်။
တတိယလုပွဲ ဖြစ်တဲ့ ထိုင်း ယူ-၂၃အသင်းနဲ့ မလေးရှား ယူ-၂၃အသင်းတို့ပွဲစဥ်မှာ အိမ်ရှင် ထိုင်းယူ-၂၃ အသင်းက ပင်နယ်တီ အဆုံးအဖြတ် ၄ ဂိုး ၃ ဂိုးနဲ့အနိုင်ယူပြီးတတိယရရှိခဲ့ပါတယ်။ အာဆီယံယူ-၂၃ ပြိုင်ပွဲမှာ မြန်မာယူ-၂၃ အသင်းက အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။