ယူကရိန်းနိုင်ငံရဲ့ ၇၃ ခုမြောက် အထူးစစ်ဆင်ရေး ရေတပ်ဌာနဟာ သြဂုတ် ၂၅ ရက်မှာ တိုက်ခိုက်မှုဆိုင်ရာ ဗီဒီယိုတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ဗီဒီယိုအရ စစ်ဖြစ်နေတဲ့ ရိုဘော့တီယန် (Robotyne) ကျေးရွာတစ်ဝိုက်မှာ ယူကရိန်း စစ်သားတွေရဲ့ တိုက်ပွဲဝင်နေမှုကို တွေ့ရပါတယ်။
ဇာပိုရီးရှားဒေသတောင်ပိုင်းက ရိုဘော့တီယန်ကျေးရွာရဲ့ ရုရှားအခြေစိုက်စခန်းတစ်ခုမှာ ယူကရိန်း နိုင်ငံတော်အလံကို လွှင့်တင်နိုင်ခဲ့တယ်လို့ ကိဗ်စစ်တပ်အနေနဲ့ အတည်ပြုပါတယ်။
အမေရိကန် သုတေသနအဖွဲ့ တခုဖြစ်တဲ့ စစ်ပွဲလေ့လာရေးအင်စတီကျူ့(ISW)ကတော့ ရိုဘော့တီယန်မှာ ယူကရိန်းရဲ့ ရှေ့တိုးချီတက်လာနိုင်မှုဟာ "နည်းဗျူဟာအရ အရေးပါတယ်" လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ဇွန်လ အစောပိုင်းမှာ စတင်ခဲ့တဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်တွေကို ရုရှားမိုင်းကွင်းတွေက အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ယူကရိန်းရဲ့ ရိုဘော့တီယန် နယ်မြေအတွင်း သိမ်းပိုက်နိုင်မှုကြောင့် အထူထပ်ဆုံး သော ရုရှားမိုင်ကွင်းတွေမှာ စစ်ဆင်ရေး စတင်နိုင်တော့မှာဖြစ်တယ်လို့ ISW အနေနဲ့ ပြောကြားပါတယ်။
တရက်တည်းမှာပဲ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းဒရုန်းပေါင်း ၇၃ စင်းကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပစ်ချနိုင်ခဲ့တယ်လို့ အတည်ပြု ပါတယ်။
ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ ယူကရိန်းဘက်က ဒရုန်းများစွာနဲ့အတူ ညလုံး ပေါက် တိုက်ခိုက် ခဲ့တာပါ။
ဒါ့အပြင် ယူကရိန်းရဲ့ စစ်ရေးရည်ရွယ်ချက်တွေမှာ အသုံးပြုနေတဲ့ ဆိပ်ကမ်းဆိုင်ရာ အခြေခံ အဆောက်အအုံ တခုကိုပါ ရုရှားဘက်က ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ ကိုနာရှန်ကော့ဗ် အနေနဲ့ မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters