မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ ရွှေသံလွင်တိုးဂိတ်ဟောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်တဲ့နေရာကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းဆီကနေ သိရပါတယ်။
ဩဂုတ် ၂၄ ရက် မနက် ၇ နာရီလောက်က ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်၊ ရွှေသံလွင်တိုးဂိတ်ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၄ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။
ပြီးတော့ ရွှေသံလွင်တိုးဂိတ်ဟောင်းနားက ဒေါက်ရပ်ကျေးရွာကို ကင်းပုန်း လာချတုန်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံး၊ ၃ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို သထုံခရိုင် တပ်မဟာ ၁၊ တပ်ရင်း ၂၊ KNLA/PDF တပ်ခွဲ ၂၊ တပင်ရွှေထီး စစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်း၊ ပကဖ နဲ့ Drone Team တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၂၅ ရက် မနေ့ မနက်ပိုင်းကလည်း ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNU/PDF အဖွဲ့တို့ ၂ နာရီကြာလောက် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။