ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းဆိုပြီး ဖွင့်လှစ်ကာ ပြည်ပသွားမယ့် အလုပ်သမားတွေဆီက ငွေလိမ်မှု ရှိနေတယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မန္တလေးမှာ ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းကို ဇူလိုင် ၂၈ ရက်ကတည်းက ပိတ်ထားပေမဲ့ ပွဲစားတချို့က အဲဒီသင်တန်း ဆက်ပြီးရှိနေသယောင်နဲ့ အလုပ်သမားတွေဆီက ငွေယူပြီး သင်တန်းတက်ခိုင်းနေတာလို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်ဆိုင်ရာ လမ်းညွှန်သင်တန်းကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှာပဲ ဖွင့်လှစ်ထားတာဖြစ်ပြီး သင်တန်းကြေး အခမဲ့နဲ့ သင်ကြားပေးနေပေမဲ့ မန္တလေးမှာ အလုပ်သမားတဦးကို ကျပ် နှစ်သိန်း၊ သုံးသိန်း ပေးနေရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မန္တလေးရှိ သင်တန်းကို အရင် တရားဝင် ဖွင့်လှစ်ခဲ့တဲ့ သင်တန်းကျောင်းအနီးမှာ ပွဲစားတွေက ဆက်ပြီး ဖွင့်ထားကာ အလုပ်ခေါ်စာအတုတွေ ပေးပြီး ငွေကောက်တာတွေ ရှိနေတယ်လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ လုပ်ငန်းရှင်တဦးက “ကြားရသလောက်ဆိုရင် သင်တန်းကြေးဆိုပြီး အလုပ်သမားတချို့ဆို ကျပ်သုံးသိန်းကျော် ပေးလိုက်ရတာတွေ ရှိတယ်။ အလုပ်သမားတွေကလည်း ပွဲစားစကားကို ယုံပြီး မလေ့လာကြဘူး” လို့ ပြောပါတယ်။
အခုလို အလုပ်သမားတွေဆီက ငွေလိမ်လည်နေတာနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသင့်တယ်လို့လည်း အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။
တရားဝင်ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့က သင်တန်းမှာဆိုရင် အေဂျင်စီအစီအစဥ်နဲ့ တက်ရင် နိုင်ငံအလိုက်ခွဲကာ သင်တန်းအချိန်က ၂ နာရီပဲ သင်ပေးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အေဂျင်စီ အစီအစဥ်နဲ့ သင်တန်းဆင်းလက်မှတ် ရထားတဲ့သူတွေ အားလုံးဟာလည်း စက်တင်ဘာ ၃၀ ရက်အထိသာ အကျုံးဝင်မှာဖြစ်ပြီး အောက်တိုဘာလမှစကာ စနစ်သစ်နဲ့ နီးစပ်ရာ အလုပ်သမားရုံးမှာ စာချုပ်ချုပ်ပြီး သင်တန်းအသစ် ပြန်တက်ပြီးမှ OWIC ပြုလုပ်ခွင့်ပြုတော့မှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။