Home
မြန်မာသတင်း
နောင်ချို မြို့မဈေးတွင် ရွှေဆိုင် ဓားပြတိုက်ခံရ
DVB
·
August 25, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ အနီးက မြို့မဈေးမှာ ဖွင့်လှစ်ထားတဲ့ ကိုအောင်ကျော်စိုး+မဖြူ ရွှေဆိုင်ကို လက်နက်ကိုင်လူတစုက သြဂုတ် ၂၄ ရက် မနက်ပိုင်းမှာ ဓားပြတိုက်သွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ခံတဦးက “ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်က တကယ်မြို့လယ်ကောင်လို့ ပြောလို့ရတဲ့နေရာ၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးတွေနဲ့ နီးတယ်။ မြို့ပေါ်မှာနဲ့ မြို့ပတ်လည်မှာ စစ်တပ်နဲ့ ရဲကင်းတွေလည်း ရှိတယ်။ အဲဒီကြားထဲကနေ ဝင်တိုက်သွားတာပါ။ ပစ္စည်းတော်တော်များများ ပါသွားတယ်” လို့ ပြောပါတယ်။

နောင်ချိုမြို့မှာ ဓားပြတိုက်ခံရတဲ့ ရွှေဆိုင်ပိုင်ရှင်မိသားစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို ထောက်ခံဝန်းရံခဲ့သူ ဖြစ်ပါတယ်။ အခုလို အာဏာသိမ်းစစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့စခန်း၊ ဌာနဆိုင်ရာရုံးတွေအနီးက ရွှေဆိုင် ဓားပြတိုက်ခံရတဲ့အပေါ် ပြည်သူလူထုတွေက ဝေဖန်နေကြပါတယ်။

“ရွှေဆိုင်ပိုင်ရှင်တွေက အန်အယ်လ်ဒီ အမာခံတွေလို့ ပြောလို့ရတယ်။ ပြီးတော့ နောင်ချိုမြို့ပေါ်က စစ်တပ်ထောက်ခံသူနဲ့ ဌာနဆိုင်ရာတွေ အများစုပဲ။ မြို့ထဲကို လက်နက်ကိုင်ပြီး လာဖို့ဆိုတာ မလွယ်ဘူး။ ဒီလို မြို့လယ်ကောင်မှာ ဓားပြတိုက်မှု ဖြစ်သွားတာဟာ မြို့ပေါ်မှာ သေနတ်ကိုင်ပြီး သွားလို့ရတဲ့ အဖွဲ့ကပဲဖြစ်မယ်။ ပြည်သူတွေကို ဒုက္ခပေးနေတာလည်း အဲဒီအဖွဲ့တွေပဲ” လို့ မြို့ခံတဦးက ပြောပါတယ်။

အခု နောင်ချိုမြို့က ဓားပြတိုက်မှုကို သက်ဆိုင်ရာအဖွဲ့တွေက စုံစမ်းဖော်ထုတ်နိုင်တာ မရှိသေးပါဘူး။ မြို့အနီး နွားကျောင်းနေတဲ့ အမျိုးသားတယောက်ကို စစ်ကောင်စီ လက်အောက်ခံတွေက ဓားပြမှုမသင်္ကာနဲ့ ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက ပြောပေမဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်း နောင်ချိုမြို့က ဒုစရိုက် ကျူးလွန်နေသူတွေကို ဖမ်းဆီးအရေးယူတာ မရှိသလောက် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ CDM ဝန်ထမ်းတွေ၊ NLD ပါတီ ဝန်းရံသူတွေ၊ လူမှုပရဟိတလုပ်နေသူတွေကို ဖမ်းဆီးထားတာ အယောက် ၂၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

အဲဒီထဲက နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ပြုလုပ်ထားတဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်ဟာ ၂၀၂၂ ခုနှစ် မတ်လ ၈ ရက်က စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး စစ်ကြောရေးမှာ သတ်ဖြတ်ခံခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024