ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဃ ရပ်ကွက်၊ မေဓာဝီလမ်းမ၊ မီးပွိုင့်ထိပ်ရှိ ဈေးဆိုင်ခန်းတွဲ ၃ ခန်းမှာ ဩဂုတ် ၂၅ ရက် နေ့လယ်ပိုင်းက Level 1 အဆင့် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
မီးလောင်မှုဟာ နေ့လယ် ၁ နာရီခန့်က စတင်ခဲ့တာဖြစ်ပြီး မေဓာဝီမီးပွိုင့်ထိပ်ရှိ စိန်စီ ဖုန်းအရောင်းဆိုင်၊ နဒီ ဆိုင်းဘုတ်လုပ်ငန်းနဲ့ မျိုးမြန်မာ အဝတ်အထည်ဆိုင်ခန်းတွေ မီးလောင် ပျက်စီးခဲ့ပါတယ်။
ထာဝရအလင်းတန်းအသင်း တာဝန်ရှိသူတဦးက “မေဓာဝီမီးပွိုင့်နားက ဆိုင်တွေ လောင်တာပါ။ ဘယ်ဆိုင်က စလောင်သလဲတော့ မသိရသေးပါဘူး။ အားလုံးပေါင်း ၃ ဆိုင် ပါသွားတယ်၊ လူထိခိုက်မှုတော့ မရှိဘူး” လို့ ပြောပါတယ်။
မီးလောင်မှုနေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မြောက်ဥက္ကလာပမြို့နယ် အရန်မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်အသင်းတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြတာ ဖြစ်ပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်တယ်လို့ သိရပြီး အရပ်သား ထိခိုက်ဒဏ်ရာရရှိသူ မရှိပါဘူး။
Level 1 အုပ်စုယာဉ်တွေနဲ့ ငြှိမ်းသတ်တာကြောင့် နေ့လယ် ၁ နာရီ ၂၂ မိနစ်မှာ မီးထိန်းနိုင်ပြီး ၁ နာရီ ၂၅ မိနစ်ခန့်မှာ မီးငြိမ်းရေခဲသွားတယ်လို့ သိရပါတယ်။