Home
မြန်မာသတင်း
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု မြန်မာစစ်တပ် တာဝန်ယူတာဝန်ခံရန် အမေရိကန်ပြော 
DVB
·
August 25, 2023

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ် အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ကို တရားဥပဒေနဲ့အညီ အရေးယူနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကရဲ့ ထုတ်ပြန်ချက်မှာ ဝန်ကြီး ဘလင်ကန်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ခြောက်နှစ်ပြည့်မြောက်ဖြစ်တဲ့  ဒီကနေ့ သြဂုတ် ၂၅ မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ သတ်ဖြတ်ခံခဲ့ရသူတွေ အသက်ရှင်ကျန်ရစ်တွေ အားလုံးနဲ့အတူ ရပ်တည်ပြီး မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေအတွက် တရားမျှတမှုကို ရှာဖွေဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့အတွက် မိမိတို့ရဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုအပ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း အရှိန်မြင့်တက်နေတဲ့ အကြမ်းဖက်မှုတွေက အလွန်စိုးရိမ်ရတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအဖြစ် ဆိုးဝါးစွာ ပြောင်းလဲလာပြီး အထူးသဖြင့် ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာရေးအသိုက်အဝန်းအတွက် အလွန်စိုးရိမ်စရာဖြစ်တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

မြန်မာပြည်သူအားလုံးအတွက် တရားမျှတမှု ရှာဖွေရေးဖို့နဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိစေရေး အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်သန္နိဋ္ဌာန်ချထားပြီး ဒီမိုကရေစီနည်းကျ အားလုံးပါဝင်နိုင်မယ့် ငြိမ်းချမ်းတဲ့ အနာဂတ်ကို လိုလားတောင့်တတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ဆက်လက်ရပ်တည်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာလူမျိုး တစ်သန်းနီးပါးအတွက် အကာအကွယ်နဲ့ ခိုလှုံဖို့ နေရာချထားပေးတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ပြည်သူတွေ ရိုဟင်ဂျာလူမျိုး ဒုက္ခသည်တွေကို လက်ခံထားရှိတဲ့ ဒေသတွင်းမှ တခြားနိုင်ငံတွေကိုလည်း  လေးလေးနက်နက်ကျေးဇူးတင်ရှိတယ်လို့  နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာပြည်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်အရှိဆုံးဖြစ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို  ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနဲ့ ပြည်ဝင်ခွင့်ဗီဇာ ထိန်းချုပ်ကန့်သတ်တာတွေကို အမေရိကန်ပြည်ထောင်စုက ၂၀၁၇ ဒီဇင်ဘာမှစပြီး ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အမေရိကန်ဟာ ၂၀၁၇ ခုနှစ်က စပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်းမှာဖြစ်ခဲ့တဲ့ အကျပ်အတည်းဒဏ် ခံခဲ့ရသူတွေအတွက် အကူအညီ ၂ ဒသမ ၁  ဘီလီယံဒေါ်လာ ပေးအပ်ခဲ့ပြီး အကြမ်းဖက်မှုတွေကြောင့် ဘဝအခြေအနေ ကပြောင်းကပြန် ဖြစ်ခဲ့ကြရသူတွေအတွက်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသက်ကယ်ဆယ်ရေးအကူအညီတွေ ထိပ်ဆုံးက ပေးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024