ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ထဲမှာ PDF တွေရဲ့ ပစ်ခတ်ရှင်းလင်းမှုတွေကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ ကျန်းမာရေး အကြောင်းပြပြီး အများအပြား နုတ်ထွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဒေါက်တိုင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် စစ်တပ်သတင်းပေးဒလန် ပျူစောထီးတွေကို PDF တပ်ဖွဲ့တွေရဲ့ ပစ်ခတ်ရှင်းလင်းခံရတာ၊ စစ်ကောင်စီဘက်ကလည်း လုံခြုံရေး အာမခံချက် မပေးနိုင်တာကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး အများအပြား နုတ်ထွက်စာတင်ပြီး အခုလိုထွက်ရတာလို့ Non CDM သမားနဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့နီးစပ်တဲ့သူတယောက်က "အခု ကျန်းမာရေး အကြောင်းပြချက်နဲ့ လက်ရှိ ထွက်စာတင်ထားသူက သိရသလောက် ၁၀ အထက်မှာရှိတယ်။ PDF တွေဘက်ကလည်း သတိပေးထားပြီးဆိုတော့ မြေပြင်မှာလည်း လက်တွေ့ ပစ်ခတ်ရှင်းလင်းခံရတာလည်း မနည်းဘူး” ပြောပါတယ်။
သာယာဝတီခရိုင်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ရှင်းလင်းမှုကြောင့် သေဆုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၇၀ လောက်ရှိပြီး ကျန်းမာရေးအကြောင်းပြ နုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၁၀၀ ကျော် ရှိထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မကြာခဏဆိုသလို တိုက်ခိုက်နေပြီး ပြည်သူတွေအနေနဲ့ စစ်တပ်ထောက်တိုင်တွေအနီး မသွားဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထပ်မံသတိပေးထားပါတယ်။
ပဲခူးတိုင်း တောင်ငူခရိုင်မှာတော့ ဩဂုတ် ၂၃ ရက် ညနေ ၃ နာရီလောက်က ကြို့ပင်ဆိပ်ကျေးရွာဘက်မှ ပဲခူးရိုးမအတွင်း ကင်းထောက်ဖို့ ဆိုင်ကယ် ၃ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ငူခရိုင်တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၁ က ကြားဖြတ် တိုက်ခိုက်ခဲ့ပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့သလို MA-4 ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်နေစဉ် ညနေ ၃ နာရီခွဲမှာ ကားတစီးနဲ့ စစ်ကူရောက်ရှိလာခဲ့ပါသေးတယ်လို့ ပဲခူးတောင်ပိုင်းစစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီဘက်က စစ်ကူတွေ ရောက်ရှိလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ပစ်ခတ်မှုဖြစ်ပွားရာ နေရာဟာ စစ်ကောင်စီ အထိုင်စခန်းနဲ့ စစ်ကားတွေ ဝင်ထွက် သွားလာရာဖြစ်တာကြောင့် လက်နက်တွေ မသိမ်းဆည်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ သတင်းပေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ မကြာခဏ ဆိုသလို ဝင်ရောက်တိုက်ခိုက်ခံနေရပါတယ်။