မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ဒေသစံတော်ချိန် ဩဂုတ် ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ၂ ရက်ဆက်ပြီး ကျင်းပမယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။
ညီလာခံကို အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ကနေဒါနဲ့ ဥရောပနိုင်ငံတွေကို ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းစီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဒီညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ ခေါင်းဆောင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံတကာရောက် ပညာရှင်တွေ၊ မြေပြင် PDF တပ်ဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ပြည်သူတွေ ပူးပေါင်းပါဝင်နိုင်အောင် စီစဉ်ထားတယ်လို့ သိရပါတယ်။
ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရှိသူ ဦးကိုကိုလေးက “တကယ်တိုက်ပွဲဝင်နေတဲ့ PDF လေးတွေရဲ့အသံ၊ ကမ္ဘာအရပ်ရပ်မှာ ရောက်နေတဲ့ ပညာရှင်တွေရဲ့အသံ၊ နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အဖွဲ့တွေရဲ့အသံ၊ အကုန်လုံးကို စုပြီးတော့ ကျနော်တို့ရဲ့ ညီလာခံကို နာမည်ပေးထားတဲ့ ကြွေးကြော်သံက ပြည်သူ့အသံ နွေဦးညီလာခံ၊ ပြည်သူအားလုံးရဲ့အသံကို စုစည်းပြီးတော့ ဒီညီလာခံကနေ ထုတ်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းမှာ မြေပြင်အဖွဲ့တွေစီစဉ်တဲ့ စစ်ကိုင်းဖိုရမ် ဖြစ်ပေါ်လာခဲ့တာကို တတိယအင်အားစု တည်ဆောက်တာမျိုး ဖြစ်လာမလားဆိုပြီး ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကတော့ တတိယအင်အားစု တည်ဆောက်တာမျိုး လုံးဝမဟုတ်ဘဲ ပြည်သူ့အသံကို အနီးကပ်ဆုံး ချဉ်းကပ်နိုင်ဖို့ ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ ဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရှိသူတွေက ပြောဆိုပါတယ်။
ညီလာခံမှာ တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းတွေကို အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပေးမှုတွေသာ ပြုလုပ်ဖို့ စီစဉ်သူတွေက မူဝါဒချမှတ်ထားပြီး လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတကာကွန်ရက်ကြီးတခု ဖြစ်ပေါ်လာရေးကိုသာ ဦးစားပေး ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
သုတချမ်းသာ