Home
မြန်မာသတင်း
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ ကနေဒါတွင် ကျင်းပမည်
DVB
·
August 24, 2023

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် ကနေဒါနိုင်ငံမှာ ဒေသစံတော်ချိန် ဩဂုတ် ၂၅ ရက်နေ့ကျရင် အခမ်းအနားတခု ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီအခမ်းအနားကို “Picturing The Rohingya Genocide” လို့ အမည်ပေးထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်ကို အဓိက ပါဝင်ဆွေးနွေးသူအဖြစ် ပွဲစီစဉ်သူတွေက ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဦးကျော်ဇော်က “ရိုဟင်ဂျာတွေရဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ခြင်း အခမ်းအနား လုပ်တာပေါ့။ တကမ္ဘာလုံးမှာ လုပ်နေကြတယ်။ ကနေဒါနိုင်ငံမှာလည်း ရိုဟင်ဂျာစင်တာ (ကနေဒါ) ကနေပြီးတော့ အခမ်းအနားလုပ်မယ်။ အဲ့ဒီမှာ ကျနော့်ကို အဓိက ပါဝင်ဆွေးနွေးသူအဖြစ် ဖိတ်ကြားထားတယ်။ ကနေဒါရဲ့ UN သံတမန်ကလည်း အဓိက ပါဝင်ဆွေးနွေမယ်၊ ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန်၊ လွှတ်တော်အမတ်တွေ၊ မြို့တော်ဝန်တွေ တက်ရောက်ကြမှာရှိတယ်” လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက်သတ်ဖြတ်ခဲ့ရာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ၂၀၁၉ နိုဝင်ဘာ ၁၁ ရက်က အမှုဖွင့်ခဲ့တာပါ။

စစ်တပ်ကို တရားစွဲတာမဟုတ်ဘဲ မြန်မာနိုင်ငံကို တရားစွဲတာဖြစ်လို့ ထိုစဉ်က နိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို သွားရောက်ပြီး ICJ တရားရုံးမှာ မြန်မာနိုင်ငံအတွက် ခုခံချေပ တရားရင်ဆိုင်ခဲ့ပါတယ်။

နိုင်ငံတကာတရားရုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ချေပတုန်းက အန်အယ်လ်ဒီ အစိုးရရဲ့ ဆောင်ရွက်ချက်အတိုင်း အနောက်ကလိုက်မယ်လို့ မြန်မာစစ်တပ်က ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုအပြီးမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  တာဝန်ရှိသူတွေက နိုင်ငံတကာတရားရုံးက ချမှတ်မယ့် ဆုံးဖြတ်ချက်ကို လက်ခံသွားဖို့ပဲ ရှိတယ်လို့ ဆိုခဲ့ပါတယ်။

ရိုဟင်ဂျာအရေးကိစ္စတွေ ထဲထဲဝင်ဝင် ဆောင်ရွက်သွားဖို့၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ အားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် အာမခံချက်ရှိဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ဖို့ စတဲ့အချက်တွေ ပါဝင်တဲ့ ကြေညာချက်ကို NUG က ၂၀၂၁ ခုနှစ်အတွင်းမှာ ထုတ်ပြန်ထားပါတယ်။

အဖွဲ့ဝင် ၅၇ နိုင်ငံပါတဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာကို ICJ မှာ တရားစွဲခဲ့တာဖြစ်ပြီး စွပ်စွဲချက်ထဲမှာ မြန်မာစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေဟာ ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ဆိုင်ရာ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024