Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ထောက်ပံ့ပေးနေသူများကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်
DVB
·
August 24, 2023

မြန်မာပြည်သူတွေအပေါ် လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဉ်ဆီတွေ စစ်အာဏာရှင်အတွက် ထောက်ပံ့ကူညီပေးနေတဲ့ လူပုဂ္ဂိုလ် ၂ ယောက်နဲ့ စင်ကာပူ အခြေစိုက် ကုမ္ပဏီ ၃ ခုတို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဩဂုတ် ၂၃ ရက်မှာ ကြေညာပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်ထပ်လုပ်လိုက်သူတွေထဲမှာ  မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ရယူဖြန့်ဖြူးပေးရာမှာဝါဝင်တဲ့ ဒေါ်ခင်ဖြူဝင်းနဲ့ ဦးဇော်မင်းထွန်းတို့ အပြင် သူတို့နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီ ၃ ခုကိုလည်း ထည့်သွင်းထားလိုက်တာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီ ၃ ခုကတော့ စင်ကာပူမှာ အခြေစိုက်တဲ့   Shoon Energy PTE. လီမိတက်၊  P.E.I Energy PTE. လီမိတက်နဲ့ PEIA PTE လီမိတက်တို့ဖြစ်ကြပြီး ဒီကုမ္ပဏီတွေကို မြန်မာခရိုနီ စီးပွားရေးလုပ်ရှင်တွေ ပိုင်ဆိုင်တာဖြစ်ပါတယ်။

Shoon Energy PTE. လီမိတက်ဟာ အရင်က Asia Sun ကုမ္ပဏီအုပ်စုရဲ့    Asia Sun Aviation ကုမ္ပဏီကို အမည်ပြောင်းထားတာဖြစ်ပါတယ်။ 

မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံပတ်သက်နေတဲ့ ပြည်ပကုမ္ပဏီတွေကို ပိတ်ဆို့တားဆီးဖို့ သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးထားတဲ့ အမိန့်အရ  လေယာဉ်ဆီကဏ္ဍကိုအခု သတ်မှတ် ရေးယူလိုက်တာလို့ ဆိုပါတယ်။

စစ်အာဏာရှင်အတွက် အရေးပါတဲ့ကဏ္ဍတခုကို ထပ်မံတိုးချဲ့ပစ်မှတ်ထား ဒဏ်ခတ်အရေးယူလိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံသားတွေအပေါ် ဖိနှိပ်မှုတွေမလုပ်နိုင်အောင် စစ်အာဏာရှင်ရဲ့ အရင်းအမြစ်တွေပိုပြီး ဆုံးရှုံးအောင်လုပ်နိုင်ခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနဲ့ ငွေကြေးဆိုင်ရာထောက်လှမ်းရေးဌာနရဲ့ လက်ထောက် အတွင်းဝန် ဘရိုင်ယန် နယ်လ်ဆင်က ကြေညာချက်မှာ ပြောပါတယ်။

မြန်မာပြည်မှာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေကို ထောက်ပံပေးဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်လက်ပြီး ကတိပြုတယ်လို့လည်း ပြောပါတယ်။

အမေရိကန်ဟာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူရာမှာ အခရာကျတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB)နဲ့ နိုင်ငံခြားဝင်ငွေရှာပေးနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ကိုလည်း ပိတ်ဆို့ ဒဏ်ခတ် အရေးယူထားပါတယ်။

အခုလို အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအပေါ် အားပေးထောက်ခံကြောင်း ဘားမားကန်ပိန်းယူကေအဖွဲ့ကကြေညာလိုက်ပြီး  ဒါဟာ မြန်မာစစ်တပ်ကို လေယာဉ်ဆီပိတ်ဆို့ ဖို့ အချိန် ၂ နှစ်ကြာလောက်တောင်းဆိုနေကြတဲ့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေအတွက် အောင်ပွဲပဲလို့  ဘားမားကန်ပိန်းယူကေအဖွဲ့ရဲ့ အကြီးအကဲ မတ်ခ်ဖာမနာက ကြေညာချက်မှာ ပြောလိုက်ပါတယ်။

အမေရိကန်အနေနဲ့  မြန်မာပြည်ကိုလေယာဉ်ဆီတင်ပို့တဲ့လုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ ဗြိတိန် အာမခံ ကုမ္ပဏီ ၅ ခုကိုလည်း အရေးယူဖို့ တောင်းဆိုလိုက်ပြီး ယူကေနဲ့ အီးယူတို့အနေနဲ့လည်း အမေရိကန်နည်းတူ လေယာဉ်ဆီပိတ်ဆို့မှုတွေမှာ လိုက်ပါ လုပ်ဆောင်ဖို့နဲ့ နိုင်ငံတကာ အစိုးတွေအားလုံးအနေနဲ့လည်း မြန်မာစစ်တပ်အတွက် လက်နက်နဲ့ ပစ္စည်းတွေ၊ ဝင်ငွေရလမ်းနဲ့ ‌လေယာဉ်ဆီ ထောက်ပံမှုတွေအပေါ်  ပိတ်ဆို့ မှုတွေလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးမြှင့်ပြုလုပ်နေတာဖြစ်ပြီး လေကြောင်းဗုံးကြဲမှုကြောင့် မြန်မာပြည်ဒေသအနှံ့မှာ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် လူတွေအများအပြား သေဆုံးဒဏ်ရာရခဲ့သလို လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ဘာသာရေး အဆောက်အဦတွေပါ ထိခိုက်ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အနန့်ပါရွာမှာ ၂၀၂၂ ခု အောက်တိုဘာလ ၂၃ ရက် ညက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဖွဲ့စည်းခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်ပွဲ အကြိုကျင်းပနေချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် KIO/ KIA တပ်ဖွဲ့ဝင်တွေ အပါအဝင် အရပ်သားပြည်သူ အနည်းဆုံး ၆၀ ကျော်  သေဆုံးခဲ့ပြီး ၁၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်ကလည်း  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊  ပဇီကြီးကျေးရွာကို  လေကြောင်းကနေ  အကြမ်းဖက်တိုက်ခိုက်မှု ကလေးသူငယ်အပါအဝင် လူပေါင်း ၁၆၀ ကျော် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲမှာ တည်ရှိတဲ့ ညောင်ကုန်းကျေးရွာကို  စစ်တပ်က ရုရှားတိုက်လေယာဉ် အမျိုးအစား YAK-130 ကို အသုံးပြု လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုးသမီးနှစ်ဦး အပါအ၀င် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ  ဘုန်းကြီးကျောင်း၊ လူနေအိမ်နဲ့ စာသင်ကျောင်းရုံးခန်းတွေ ပျက်စီးသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024