Home
မြန်မာသတင်း
မကွေးတိုင်း မြို့နယ်အချို့တွင် မြစ်ရေကြီးပြီး စာသင်ကျောင်း ၂၆ ကျောင်း ပိတ်ထားရ
DVB
·
August 24, 2023

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ၊ ရေနံချောင်း၊ စလင်း၊ မင်းဘူး(စကု) စတဲ့ မြို့နယ်တွေမှာ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ အခြေခံပညာစာသင်ကျောင်း ၂၆ ကျောင်းပိတ်ထားရတယ်လို့ တိုင်းအစိုးရနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီမြစ်ကမ်းနံဘေးရှိ မြို့နယ်တွေဖြစ်တဲ့ ပွင့်ဖြူ၊ ရေနံချောင်း၊ စလင်းနဲ့ မင်းဘူး(စကု)မြို့နယ်တွေမှာ သြဂုတ် ၁၉ ရက်မှစတင်ကာ မြစ်ရေတက်ပြီး ဩဂုတ် ၂၂ ရက်မှာ စိုးရိမ်ရတဲ့အနေအထား ဖြစ်လာတာကြောင့် စာသင်ကျောင်းတွေ ခေတ္တယာယီပိတ်ထားရတာလို့  တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“၁၉ ရက်မှာ ကျောင်းတစ်ကျောင်းပဲ ပိတ်တာ၊  ၂၁ ရက်မှာ ၅ ကျောင်း၊  ၂၂ ရက်မှာ ၁၈ ကျောင်း၊ ၂၃ ရက်မှာ ၂ ကျောင်း ထပ်ပိတ်တယ်။ ယာယီပိတ်တာ ရေကျမယ့် အချိန်မှန်းထားတာ တပတ်လောက်အထိ ပိတ်ထားပါတယ်။”

အဆိုပါစာသင်ကျောင်း ၂၆ ကျောင်းပိတ်ထားရပေမဲ့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပါက ပိတ်ထားတဲ့ရက်တွေကို အစားထိုးပြန်သင်ပေးသွားမှာဖြစ်တယ်လို့ တိုင်းပညာရေးရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။

“ကျောင်းပြန်ဖွင့်တဲ့အခါ ကျောင်းပေါင်း ၂၀ မှာ စနေ၊ တနင်္ဂနွေ၊ ဥပုသ်နေ့တွေပါ အစားထိုးသင်ပေးသွားမှာပါ။” 

မကွေးတိုင်းအတွင်း လက်ရှိ ပိတ်ထားရတဲ့ကျောင်းတွေကတော့ ပွင့်ဖြူမြို့နယ်မှာ  ၆ ကျောင်း၊ ရေနံချောင်းမြို့နယ် ၆ ကျောင်း၊ စလင်းမြို့နယ် ၁၂ ကျောင်း ၊မင်းဘူး(စကု)မြို့နယ် ၂ ကျောင်း တို့ဖြစ်ပါတယ်။

မကွေးတိုင်းမှာ ၂၅ မြို့နယ်ရှိပြီး စာသင်ကျောင်း ၃၃၀၀ ကျော်ရှိကာ  ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူဦးရေ ၅ သန်းခွဲရှိတယ်လို့ တိုင်းဒေသကြီးအစိုးရကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024