Home
ဆောင်းပါး
ပြည်သူတိုင်းပါဝင်နိုင်တဲ့ တိုက်ပွဲမျက်နှာစာ ၄ ရပ်နဲ့ NUG ရဲ့ ကွက်ပြည့်ခင်းပြီး ကွက်ပြည့်နင်းမယ့် မဟာဗျူဟာ
DVB
·
August 24, 2023

ဒီကနေ့အချိန်ထိ ၂ နှစ်ခွဲကျော်ကာလတိုင်တိုင် နိုင်ငံသူနိုင်ငံသားတွေကို တရားမဲ့သတ်ဖြတ်၊ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီး၊ လက်နက်မဲ့အရပ်သားတွေကို ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ကလေးသူငယ်ပါမချန် အပေါ်စီးက ပစ်ခတ်သတ်ဖြတ်နေကြတဲ့ စစ်မိစ္ဆာဘီလူးတွေ ရှိနေသရွေ့ မြန်မာတနိုင်ငံလုံးမှာ ပြည်သူလူထုတရပ်လုံးသာမက စတေးခံ စစ်ဗိုလ်စစ်သားတွေရဲ့ အသက်ဘဝတွေအားလုံး လုံခြုံမှု လုံးဝမရှိနိုင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်ပါတယ်။

စစ်အာဏာရှင် အခွင့်ထူးခံစနစ်ကို အပြီးတိုင်ရှင်းလင်းမှ တိုင်းပြည်ငြိမ်းချမ်းမယ်၊ ပြည်သူအားလုံး ဘဝလုံခြုံမှုရမယ်၊ တရားဥပဒေစိုးမိုးမှုရှိမယ် ဆိုတာ သမ္မတရူး မင်းအောင်လှိုင် အာဏာလုယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီကနေ့အချိန်ထိ တပြည်လုံး အတိုင်းအတာမှာ အသက်တွေ ဘဝတွေနဲ့ ရင်းပြီး နိုင်ငံသားတိုင်းဟာ ဘဝပေးအသိ သင်ခန်းစာ ရသွားကြပြီဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း ပြည်တွင်းပြည်ပက သိတတ်နားလည်ကြတဲ့ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူပြည်သားတိုင်းဟာ အခုဆို အောက်ပါ စစ်အာဏာရှင်စနစ်ဖျက်သိမ်း‌ရေး တိုက်ပွဲမျက်နှာစာ ၄ ရပ်မှာ မိမိပါဝင်နိုင်တဲ့ အခြေအနေပေးရာ၊ အားသန်ရာ တိုက်ပွဲမျက်နှာစာတွေမှာ ပါဝင်အားဖြည့်ရင်း ပေးအပ်လာတဲ့ သမိုင်း‌ခေတ်တာဝန်ကို ထမ်းရွက်နေကြပြီ ဖြစ်ပါတယ်။

၁။ မြေပြင်တိုက်ပွဲမျက်နှာစာ

၂။ ဘဏ္ဍာရေးတိုက်ပွဲမျက်နှာစာ

၃။ သံတမန်ရေးတိုက်ပွဲမျက်နှာစာ

၄။ စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲမျက်နှာစာ

မြေပြင်တိုက်ပွဲမျက်နှာစာ

ဒီမျက်နှာစာမှာ စစ်ရေးနည်း လက်နက်ကိုင်တိုက်ပွဲတွေနဲ့ နိုင်ငံရေးနည်းနဲ့ ဆန္ဒထုတ်ဖော် ပြသကြတဲ့ ပုံသဏ္ဌာန်မျိုးစုံနဲ့ သပိတ်တိုက်ပွဲတွေအားလုံး ပါဝင်ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့အတူ စစ်မှန်တဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ၊ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေ (LDF)၊ မြေပြင်ပြောက်ကျားအင်အားစုတွေ (STF) စတဲ့ ပြည်သူလူထုရဲ့ တရား‌သော ခုခံကာကွယ်စစ်ဟာ အခုဆို ဒေသအသီးသီးမှာ စစ်‌ရေးအသာစီးရလာပြီမို့ စခန်းသိမ်းတိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ ထိုးစစ်ဆင်လာပြီ ဖြစ်ပါတယ်။

အရင်က လွတ်မြောက်နယ်မြေတွေမှာ၊ မြို့ပြနဲ့ အလှမ်းဝေးတဲ့အရပ်တွေ၊ တောတောင်ထူတဲ့ အရပ်တွေမှာ ရပ်တည်လှုပ်ရှားကြရတဲ့ ပြည်သူ့ဘက်တော်သား တော်လှန်ရေး လက်နက်ကိုင် တပ်တွေဟာ အခုဆို လျှပ်စစ်မီးတွေလင်း‌နေတဲ့ မြို့ထဲ ရွာထဲကို ရောက်ရှိလာကြရုံသာမက စစ်မိစ္ဆာခေါင်းဆောင်တွေ ခို‌အောင်းရာ သားရဲတွင်း နေပြည်တော်အစပ် မိုင်အနည်းအကွာအဝေးအတွင်းထိ ထိုးဖောက်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့တုန်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ခွဲမှူးသင်တန်း အပတ်စဥ် ၂ ဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မိန့်ခွန်းပြောကြားရာမှာ “ငါတို့မဟာဗျူဟာက ‘ကွက်ပြည့်ခင်း ကွက်စေ့နင်းတဲ့ဗျူဟာ’ ဖြစ်တယ်၊ မဟာဗျူဟာ ‌နောက်တဆင့်အဖြစ် PDF နဲ့ မဟာမိတ်အင်အားစုတွေ ‘ထုအင်အား’ တည်‌ဆောက်ပြီး တခုတည်းသော စီမံချက်အောက်မှာ မဟာဗျူဟာထိုးစစ်ကို ဆင်နွှဲကြရမှာဖြစ်တယ်” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါကြောင့်မို့လို့လည်း အာဏာလု စစ်အကြမ်းဖက်ကောင်စီဟာ ထိုးစစ်ဆင်တာတွေ လုပ်ဆောင်နိုင်စွမ်း မရှိတော့ဘဲ ခံစစ်အနေအထားကို ရောက်ရှိနေပြီး KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောကလည်း သြဂုတ်လ ၁၀ ရက်နေ့က ထုတ်ဖော်ပြောကြားပါတယ်။ အဲ့ဒီနေ့ တရက်တည်းမှာပဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ကချင်အာဇာနည်နေ့ အခမ်းအနားမှာ မြန်မာနိုင်ငံမှာ ကာလရှည် ဗိုလ်ကျစိုးမိုးခဲ့တဲ့ ဖက်စစ်တပ်ဟာ နိုင်ငံအနှံ့ တော်လှန်မှုတွေကြောင့် ခံစစ်ဖြစ်လာပြီး ကျဆုံးချိန်နီးပြီလို့ သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။

နိုင်ငံရေးနည်းနဲ့ ဆန္ဒထုတ်ဖော် ပြသကြတဲ့ ပုံသဏ္ဌာန်မျိုးစုံနဲ့ သပိတ်တိုက်ပွဲတွေဆိုရင်လည်း အာဏာလုတာ ရက်ပေါင်း ၉၃၀ ကျော်လာပေမဲ့ တရက်မှမပျက်ကွက်ဘဲ လမ်းမတွေထက် တက်ပြီး ဆန္ဒပြနေကြတာ၊ ဖမ်းဆီးထောင်ချနေတဲ့ကြားက ဘူးသပိတ်၊ ပန်းသပိတ်၊ သံပုံးတီးသပိတ်၊ အသံတိတ်သပိတ် စတဲ့သပိတ်မျိုးစုံကို ရဲရင့်စွာ ဆင်နွှဲနေကြတဲ့ မြေပြင်သပိတ်အင်အားစုတွေဟာ မြန်မာပြည်သူတို့ရဲ့ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ ဖျက်သိမ်းရေးအတွက် ခိုင်မာတဲ့စိတ်ဓာတ်၊ သန္နိဋ္ဌာန်နဲ့ ရည်မှန်းချက်တွေကို သက်သေထူနေတဲ့ သင်္ကေတများ ဖြစ်ကြပါတယ်။

ဘဏ္ဍာရေးတိုက်ပွဲမျက်နှာစာ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဦးဆောင်ပြီး မြန်မာပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲနေကြတဲ့ ဘဏ္ဍာရေးတိုက်ပွဲ မျက်နှာစာဟာလည်း အလွန်အရေးပါပြီး ပြည်သူ့ဘဏ္ဍာရှာဖွေရေးနဲ့ ဖက်ဆစ်တပ် ဘဏ္ဍာရေး ချည့်နဲ့စေမယ့် အောက်ပါလှုပ်ရှားမှုတွေဟာ အရှိန်အဟုန်ကြီးမားစွာ အောင်ပွဲခံလျက် ရှိပါတယ်။

လစဉ် PRF ထောက်ပို့၊ EOD အစုရှယ်ရာ၊ ငွေတိုက်စာချုပ်၊ အာဏာရှင်နိဂုံး နွေဦးစံရိပ်မွန် (Spring Bliss)၊ နွေဦးအင်းယားကွန်ဒို၊ ၁၄ အင်းယား ၆.၅ မိုင်ပရောဂျက်၊ ကြားကာလ နွေဦးဖွံ့ဖြိုးရေးဘဏ်၊ နွေဦးထီ၊ သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်း၊ ဖက်ဆစ်စစ်တပ်ပိုင်ထုတ်ကုန် အရက်ဘီယာ စီးကရက် မသုံးစွဲရေး၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနသို့ အခွန်ထမ်းဆောင်ခြင်း၊ Blockchain နည်းပညာကို အသုံးပြုထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်းပိုက်ဆံအိတ် NUGPay စတာတို့ ဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းဘက်မှာလည်း မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ တနေ့တခြား ပိုမိုပြင်းထန်လာနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) က သြဂုတ် ၈ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီးတဲ့နောက် စင်ကာပူနိုင်ငံရဲ့ အဓိကဘဏ်ကြီးတခုဖြစ်တဲ့ United Oversea Bank (UOB) က မြန်မာနိုင်ငံနဲ့ ဘဏ်ချင်းချိတ်ဆက်လုပ်ဆောင်နေတဲ့ လုပ်ငန်းအားလုံးကို စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း Nikkei Asia သတင်းက သြဂုတ် ၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံက ဘဏ်တွေကတဆင့် ငွေသွင်းငွေထုတ်အားလုံးကို UOB အနေနဲ့ ကန့်သတ်မှာဖြစ်တဲ့အပြင် အကြွေးဝယ်ကတ် Visa နဲ့ Master Card တွေကိုပါ တခါတည်း ထိန်းချုပ်သွားမှာဖြစ်ကြောင်းနဲ့ မြန်မာဘဏ်တွေရဲ့ နိုင်ငံခြားငွေ လက်ခံနိုင်အောင် လက်ခွဲဖွင့်ထားတဲ့ ဟောင်ကောင်က Nostro ဘဏ်အကောင့်ကိုလည်း ပိတ်တော့မှာ ဖြစ်တယ်လို့ အကြောင်းကြားခဲ့ပါတယ်။

ပြီးတော့ မြန်မာလူထုကို ထောက်ခံအားပေးကြောင်း ပြသဖို့နဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ဖိအားပေးဖို့ နိုင်ငံခြားသုံးငွေနဲ့ ပတ်သက်ပြီး အခရာကျတဲ့ MICB နဲ့ MFTB ဘဏ်တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီဘဏ် ၂ ခုဟာ ဖက်ဆစ်တပ်အတွက် လက်နက်နဲ့ လေယာဉ်ဆီ ဝယ်နိုင်ရေးမှာ ပြည်ပငွေစာရင်းတွေ အသုံးပြုပြီး နိုင်ငံတကာ ဈေးကွက်ထဲကို ဝင်ရောက်နိုင်ဖို့အတွက် နိုင်ငံခြားငွေ အသုံးပြုမှု လွယ်ကူအောင် ပြုလုပ်ပေးရာမှာ အရေးပါတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Sonali ဘဏ်ကလည်း မြန်မာနိုင်ငံဘဏ် ၂ ခုက အပ်နှံထားတဲ့ ဒေါ်လာ တသန်းနဲ့ နှစ်သိန်းကို အမေရိကန်နိုင်ငံရဲ့ တောင်းဆိုမှုကြောင့် Sonali ဘဏ်က ထုတ်ယူခွင့် ပိတ်ပင်လိုက်တယ်လို့ The Daily Star ဘင်္ဂလားရှေ့သတင်းဌာနက ဩဂုတ် ၁၇ ရက်နေ့မှာ ရေးသားထားပါတယ်။

သံတမန်ရေးတိုက်ပွဲမျက်နှာစာ

ဒီတိုက်ပွဲမျက်နှာစာမှာတော့ NUG ရဲ့ ပြည်‌ထောင်စုဝန်ကြီးဖြစ်သူ နိုင်ငံခြား‌ရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဒေါက်တာဆာဆာ၊ NUG ရဲ့ ပြည်‌ထောင်စုဝန်ကြီးများဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဝင်းမြတ်အေးနဲ့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ရဲ့ ထက်မြက်ထိရောက်တဲ့ သံတမန်ရေး တိုက်ပွဲတွေကြောင့် အာဏာလုစစ်ကောင်စီဟာ အခုချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရားဝင် အသိအမှတ်ပြုတာ မခံရရုံတင်သာမက နိုင်ငံရေးဖယ်ကြဉ်မှု၊ ဖိအားပေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရင်ဆိုင်နေရတာကြောင့် ဘေးကျပ်နံကျပ် ဖြစ်သထက် ဖြစ်လာနေပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲမျက်နှာစာ

ဒီတိုက်ပွဲမျက်နှာစာဟာလည်း နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့၊ စစ်ဖိနပ်မှာ ဒုက္ခဆင်းရဲကြီးစွာ ခံစားနေရတဲ့ ပြည်သူလူထုအတွက် စိတ်ခွန်အားတွေ ရရှိစေဖို့၊ စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းတွေ စိတ်ဓာတ်ယိမ်းယိုင်ပြိုလဲအောင် ပြုလုပ်ရာမှာ အရေးပါလှပါတယ်။ နိုင်ငံရေးအသိနဲ့ တော်လှန်‌ရေးသတိ မှန်ကန်စေဖို့၊ အမှန်တရားဘက် ရပ်တည်ကြဖို့ တိုက်တွန်းတဲ့ အနုပညာဖန်တီးမှုတွေ၊ ဆောင်းပါး၊ ကဗျာနဲ့ တော်လှန်‌ရေးသီချင်း‌တွေ၊ ရုပ်ရှင်တွေ၊ ဆွေးနွေးပွဲတွေ၊ အများပြည်သူအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေ၊ ပြည်သူတွေသိသင့်တဲ့ အချိန်နဲ့တပြေးညီ သတင်းတွေ ရေးသားတာ ထပ်ဆင့်ဖြန့်ဝေတာတွေ၊ လူတိုင်းပါဝင်နိုင်တဲ့ တိုက်ပွဲမျက်နှာစာ ဖြစ်ပါတယ်။

အကာအကွယ်မဲ့နေတဲ့ ပြည်သူအချင်းချင်း ပြန်ကူတာ၊ ပြန်ထူပေးတာ၊ အနည်းဆုံး မိမိအသိုင်းအဝိုင်းအတွင်းက အသိဉာဏ်အမှောင်ကျနေသူတွေ၊ Non CDM တွေကို လက်လှမ်းမီရာ ပြောဆိုစည်းရုံး လက်တွဲခေါ်တာ၊ မှားမှန်းသိသိကြီးနဲ့လို့ ဆက် မိုက်တွင်းနက်နေသူတွေကို Social Punishment လူမှုရေးကျဉ် ဒဏ်ခတ်ကြလို့ စစ်အာဏာရှင် ယန္တရားကြီး ချည့်နဲ့သထက် ချည့်နဲ့လာအောင် ညီညွတ်စွာ ဝိုင်းဝန်းဆန့်ကျင် တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ 

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော် အမြစ်တွယ်ပြီး နိုင်ငံနဲ့ ပြည်သူလူထုကို ဆင်းရဲဒုက္ခအဖုံဖုံပေးလို့ ဗိုလ်ကျစိုးမိုးခဲ့တဲ့ စစ်အာဏာရှင် အခွင့်ထူးခံစနစ်နဲ့ လက်နက်အားကိုး စစ်မိစ္ဆာအုပ်ဟာ အခုချိန်မှာ မြန်မာ့လူ့ဘောင်ကနေ ကွယ်ပျောက်သွားဖို့ နိဂုံးပိုင်းကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ပြည်သူနဲ့ စစ်ခင်းနေတဲ့ ဖက်ဆစ်တပ်ဟာ ကဏ္ဍအသီးသီးနဲ့ စစ်မျက်နှာအားလုံးမှာ အရေးနိမ့်လာရင်း စစ်အင်အားချို့တဲ့၊ ဘဏ္ဍာအင်အားချို့တဲ့၊ ပြည်တွင်းပြည်ပ ထောက်ခံမှုချို့တဲ့၊ စိတ်ဓာတ်ခွန်အား ချို့တဲ့လာတာမို့ အခုဆို ခံစစ်ပြင်လာရပြီ ဖြစ်ပါတယ်။

ယိမ်းယိုင်ပြိုလဲနေပြီဖြစ်တဲ့ စစ်အာဏာရှင် ခါးပိုက်ဆောင်တပ် အချိန်တိုတိုအတွင်း အမြန်ဆုံး ဘုံးဘုံးလဲကျသွားစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကွက်ပြည့်ခင်းပြီး ကွက်ပြည့်နင်းမဲ့ ထိုးစစ်မဟာဗျူဟာနဲ့အတူ နွေဦးတော်လှန်ရေးအောင်လံကို အမြင့်ဆုံး စိုက်ထူပွဲခံနိုင်ဖို့ မြေပြင်တိုက်ပွဲ၊ ဘဏ္ဍာရေးတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ စိတ်ဓာတ်စစ်ဆင်ရေးတိုက်ပွဲ စတဲ့ အာဏာရှင်နိဂုံး တိုက်ပွဲမျက်နှာစာ ၄ ရပ်လုံးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပြည်သူလူထုတရပ်လုံးက ပါဝင်နိုင်သမျှ အစွမ်းကုန်ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024