Home
မြန်မာသတင်း
ပြည်သူ့ဘက်ပူးပေါင်းလာသည့် စစ်ကောင်စီတပ်သားကို ငွေကျပ်သိန်း ၄၀ ချီးမြှင့်
DVB
·
August 24, 2023

လက်နက်နဲ့တကွ ပြည်သူလူထုဘက်က ရပ်တည်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သား တယောက်ကို ငွေကျပ်သိန်း ၄၀ ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

တပ်သား အောင်ကိုဦးဟာ တောင်ငူမြို့နယ်၊ အမှတ် ၉၃၀ ထောက်ပံ့ရေးတပ်ရင်းကဖြစ်ပြီး M16-A1 သေနတ် ၁ လက်၊ M16-A1 ကျည်ဘောက် ၅ ဘောက်နဲ့ ၅.၅၆ ကျည်တောင့် ၁၅၀ တို့နဲ့အတူ သြဂုတ် ၁၇ ရက်က တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်-၃ အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကော်ဘရာစစ်ကြောင်း-P29907 ဆီ နယ်ခြားစောင့်တပ် (BGF) တပ်နယ် ၂ ကနေ ပူးပေါင်းလာခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ရှေ့တန်းစခန်းတွေ၊ ဖိအားပေးစေခိုင်းခံရတဲ့ ရဲစခန်းတွေ အများစုမှာတော့ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရတာတွေကြောင့် တပ်နဲ့ ရဲဘက်ကနေ စွန့်ခွာချင်နေတဲ့ တပ်မတော်သား စစ်သည်တွေ၊ ရဲဝန်ထမ်းတွေလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီဖြစ်တာမို့ ကျန်ရှိနေသေးတဲ့ ရဲဘော်တွေအနေနဲ့လည်း အမြင်မှန်ရကာ ပြည်သူနဲ့ ပူးပေါင်းကြဖို့လည်း NUG အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေက မေတ္တာရပ်ခံ သတိပေးထားပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလိုတာ၊ ဒါမှမဟုတ် တပ်တွင်းသတင်းပေး ဖရဲသီးအဖြစ် ရပ်တည်လိုတဲ့ တပ်မတော်သားတွေအနေနဲ့ နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တပ်ရင်းတွေ၊ စစ်ကြောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို ဆက်သွယ်နိုင်သလို ပြည်သူ့ရင်ခွင်ခိုလှုံရေး Telegram Channel @MyanmarPeople ကတဆင့်လည်း ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့လည်း ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024