Home
နိုင်ငံတကာ
ကာကွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုလုပ်ရန် ထိုင်ဝမ်သမ္မတ တောင်းဆို
DVB
·
August 23, 2023

ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်ဟာ သူ့နိုင်ငံရဲ့ ကာကွယ်ရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ သြဂုတ် ၂၃ ရက်က ကျင်းပခဲ့တဲ့ ကင်မင်စစ်ပွဲ အောက်မေ့ဖွယ်အခမ်းအနားမှာ တောင်းဆိုခဲ့ပါတယ်။

ထိုင်ဝမ်သမ္မတဟာ တရုတ်တပ်တွေနဲ့ အဓိက စစ်ရေးတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒုတိယ ထိုင်ဝမ်ရေလက်ကြား အရေးအခင်းစတင်ခြင်း ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံနဲ့ကပ်လျက် နယ်စပ်ကနေ ၂ ကီလိုမီတာလောက်တောင် မဝေးတဲ့ Kinmen ကျွန်းရှိ အောက်မေ့ဖွယ်ပန်းခြံမှာ လွမ်းသူ့ပန်းခွေချပြီး ဦးညွှတ် အလေးပြုခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားတလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ ထိုင်ဝမ်က ကတိပြုထားပေမဲ့ နိုင်ငံတော်ကာကွယ်ရေးမှာ တိုက်ခိုက်ရေး ထိရောက်မှုနဲ့ ခံနိုင်ရည်ကို စဉ်ဆက်မပြတ် မြှင့်တင်နေဖို့ လိုအပ်ကြောင်း သမ္မတက ပြောပါတယ်။

“ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အရင်ခိုင်မာအောင် လုပ်ရမှာ ဖြစ်တာကြောင့် နိုင်ငံတော်ကာကွယ်ရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး အကောင်အထည်ဖော်ရမယ်။”

၁၉၅၈ ခုနှစ် တိုက်ပွဲမှာ ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ အဆင့်မြင့် Sidewinder လေယာဉ်ပစ် ဒုံးကျည်တွေ အပါအဝင် စစ်လက်နက်ပစ္စည်းတွေနဲ့ ပံ့ပိုးကူညီမှုကြောင့် ထိုင်ဝမ်ဟာ နည်းပညာပိုင်းမှာ နောက်ကောက်ကျ ပြန်ကျန်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

ဒီတိုက်ပွဲဟာ တရုတ်က ကျွန်းစုတွေကို သိမ်းယူနိုင်ခြင်း မရှိတာကြောင့် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားစစ်ပွဲမှာ တိုက်ပွဲဝင်ခဲ့တဲ့ အသက် ၈၈ နှစ်အရွယ် စစ်ပြန်ကြီး လျန်ချုံချန်းက ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထားပေမဲ့ ထိုင်ဝမ်ဟာ ကိုယ့်နိုင်ငံ ကိုယ်ကာကွယ်ဖို့အတွက် ခေတ်မီနည်းပညာပိုင်းဆိုင်ရာ နည်းလမ်းတွေကို ပိုမိုလက်ခံ ကျင့်သုံးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024