ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က သြဂုတ် ၂၂ ရက် မနက်မှာ ကားလမ်းတွေကိုဖြတ်သန်းသွားလာခွင့်ပိတ်လိုက်သလို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဘက်ကလည်း သြဂုတ် ၂၃ ရက် ဒီနေ့မနက်မှာ ကျောက်ထုနဲ့ ဂေါ်လူယန် နှစ်နေရာမှာ ထပ်မံပိတ်ဆို့ခဲ့တယ်လို့ ခရီးသွားတွေထံက သိရပါတယ်။
ဖားကန့်တက်တဲ့ ခရီးသည်တယောက်က “မနေ့က လဝါးနားရောက်တာနဲ့ လမ်းပိတ်တဲ့သတင်းကြားလို့ ဆက်မတက်တော့ဘဲ လဝါးမှာပဲ ညအိပ်လိုက်တယ်။ မနက်က နန့်ယားဂိတ်က လွှတ်တဲ့ကားတွေကို ကေအိုင်အေ ဘက်က ပြန်ပိတ်လို့ အဲ့ကားတွေနဲ့ ခရီးသည်တွေ ပိုဒုက္ခရောက်ပြီလေ” လို့ ပြောပါတယ်။
ဖားကန့်လမ်းပိုင်းက ပစ်ခတ်မှုတွေရှိရင် အဆင်းအတက် ကားသမားအချင်းချင်း အမြဲဆက်သွယ်ပြီး လမ်းခရီးအနေအထားကို တွက်ဆ မောင်းနှင်ကြရတာပါ။
စစ်ကောင်စီ တပ်မ ၃၃၊ ခမရ ၁၂ အင်အား ၁၂၀ ပါ စစ်ကြောင်းတွေ နန့်ယားကို ဝင်ရောက်လာတာမို့ ဖားကန့်ဘက် တက်လာလို့မရအောင် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဘက်က တန်ပြန်ပိတ်ဆို့ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အသီးကုန်သည်တဦးက“ခုချိန် အဆင်းအတက်ကားတွေ အကုန်ပိတ်နေတာ၊ ကြားညပ်သွားတဲ့ ကားတွေကလည်း ဘယ်ချိန် ခရီးဆက်ရမလဲ မသိနဲ့။ ခရီးသည်တွေ ဒုက္ခရောက်ပြီ။ ကုန်ကားတွေလည်း မရောက်နိုင်တော့ဘူး။ အဲချိန်မှာ ဖားကန့်တကြော ကုန်စိမ်းအဝင်မရှိတော့ဘဲ စျေးအဆမတန် တက်တတ်သလို ကုန်သည်တွေအနေနဲ့လည်း လမ်းမှာ ကုန်စိမ်းနဲ့ အသီးအနှံတွေ ပျက်စီးဆုံးရှုံးမှုကို ကြုံတွေ့ရလေ့ရှိကြောင်း” ပြောပါတယ်။
ဆိုင်းဖရာ၊ ပျားအုံ၊ တံတားညီနောင်၊ ခွမ်စိုင်ဇွပ် အစရှိတဲ့ နန့်ယားကျေးရွာအထက်ဘက်က ရွာတွေကလည်း နီးစပ်တဲ့ဘုရားကျောင်းတွေမှာ လာရောက်ခိုလှုံနေကြရတာမို့ သြဂုတ် ၂၂ ရက် ညကတည်းက အရေးပေါ်အကူအညီတွေ စတင်ပေးနေရပြီလို့လည်း ဘာသာရေးခေါင်းဆောင်တွေကတဆင့် သိရပါတယ်။
နန့်ယား KBC ဘုရားကျောင်းမှာ အိမ်ထောင်စု ၄၆ စု၊ လူဦးရေ ၁၅၃ ယောက် ရောက်ရှိ ခိုလှုံနေကြောင်း ဆိုပါတယ်။
ဖားကန့် အဆင်းလမ်း မအူပင်ကျေးရွာ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာလည်း သြဂုတ်၂၂ ရက်ကတည်းက လာရောက်ခိုလှုံသူတွေ ရှိနေပြီဖြစ်ကြောင်း ဆိုပါတယ်။
သြဂုတ် ၂၂ ရက်က နန့်ယားစစ်တပ်ကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကာမိုင်းဘက်ကနေ တက်လာတဲ့အချိန် ကျောက်ထုကျေးရွာအရောက်မှာ ကေအိုင်အေရဲ့ စောင့်ကြိုတိုက်ခိုက်ခံလိုက်ရတာမို့ စစ်ကောင်စီဘက်က ကားလမ်းတွေပိတ်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ နန့်ယားကျေးရွာထဲ လက်နက်ကြီးတလုံး ကျရောက်ပေါက်ကွဲခဲ့အတွက် အမျိုးသမီးတယောက် ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ကားမိုင်း ဖားကန့်လမ်းကြောက အမြဲထိတွေ့ပြီး စစ်ရေးတင်းမာတဲ့ ဒေသတခုဖြစ်တာမို့ ကားသမား ခရီးသည် ဒေသခံတွေကတော့ အမြဲသတိကပ်သွားလာနေရတဲ့ လမ်းပိုင်းတခု ဖြစ်ပါတယ်။