Home
နိုင်ငံတကာ
ဖွေ့ထိုင်းပါတီ ရွေးကောက်ပွဲကတိ အကောင်အထည်ဖော်ရန် ထိုင်းပြည်သူများ မျှော်လင့် 
DVB
·
August 23, 2023

ဖွေ့ထိုင်းပါတီအနေနဲ့  အစိုးရဖြစ်ရင် ပြည်သူတွေအတွက် ဆောင်ရွက်ပေးမယ်လို့ ကတိပြုထားတဲ့ မူဝါဒတွေထဲက တခုဖြစ်တဲ့ ထိုင်းနိုင်ငံသားတိုင်း ဒီဂျစ်တယ်လ်ငွေ ဘတ် ၁၀၀၀၀ စီ ထောက်ပံ့ပေးမယ့် အစီအစဉ်ကို ဘယ်တော့ စတင်မလဲဆိုပြီး ထိုင်းပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

ဩဂုတ် ၂၂ ရက်က ထိုင်းလွှတ်တော်မှာ ကျင်းပတဲ့ ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ပွဲမှာ ဖွေ့ထိုင်းပါတီဘက်က တင်သွင်းတဲ့ ဝန်ကြီးချုပ်လောင်း ခွန်ဆေထာထဝီးဆင်က ထောက်ခံမဲ ၄၈၂ မဲနဲ့ လိုအပ်တဲ့ မဲအရေအတွက်ထက် များစွာပိုမိုရရှိကာ အနိုင်ရခဲ့တဲ့နောက် သူတို့ပါတီ မဲဆွယ်စည်းရုံးစဉ် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့တာတွေကို ပြည်သူတွေက လူမှုကွန်ရက်မှာ ပြန်လည်ဖော်ပြနေကြပါတယ်။

ကတိပြုထားတဲ့ အချက်တွေမှာ အသက် ၁၆ နှစ်ပြည့်ပြီးတဲ့ ထိုင်းနိုင်ငံသားတိုင်းရဲ့ ဖုန်းထဲမှာ ဒီဂျစ်တယ်လ်ငွေ ဘတ်  ၁၀၀၀၀ စီ ဖြည့်ပေးမယ်၊ လာမယ့် ၃ နှစ်အတွင်း ဘွဲ့ရတစ်ဦးအတွက် လစာငွေ ဘတ် ၂၅၀၀၀ ရရမယ်၊ လာမယ့် ၃ နှစ်အတွင်း နေ့တွက် အနိမ့်ဆုံးလုပ်အားခ ဘတ် ၆၀၀ ရရမယ်၊ တောင်သူလယ်သမား အမတော်ကြေးငွေကြွေးမြီတွေကို ၃ နှစ်ဆိုင်းငံ့ပြီး ၄ နှစ်အတွင်း တောင်သူလယ်သမားတို့ဝင်ငွေ ၃ ဆတိုးအောင် ဆောင်ရွက်မယ်လို့ ပါဝင်ပါတယ်။ 

ဒါအပြင် တရုတ်နဲ့  အာဆီယံနိုင်ငံတွေကြား ကုန်သွယ်ရေးနဲ့  ခရီးသွားလာရေးလုပ်ငန်း တိုးမြှင့်ရေးအတွက် တနိုင်ငံလုံး အမြန်ရထားပြေးဆွဲမယ်၊ အများပြည်သူဆိုင်ရာ အခြေခံဥပဒေ ပြင်ဆင်မယ်၊ ခရိုင်ဝန်တွေကို သက်ဆိုင်ရာခရိုင်နေ ပြည်သူတွေကပဲ မဲပေးရွေးချယ်ပြီး အာဏာခွဲဝေစနစ် ကျင့်သုံးမယ်၊ အရွယ်ရောက်ပြီး လူငယ်တွေအနေနဲ့ မိမိသဘောဆန္ဒအရသာ စစ်မှုထမ်းဆောင်ဖို့ စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ 

အဲဒီအချက်တွေထဲက ဘတ်ငွေ ၁၀၀၀၀ ဘယ်တော့ရမလဲဆိုတာကို လူမှုကွန်ရက်မှာ ထိုင်းပြည်သူတွေက  ပိုမိုစိတ်ဝင်တစား မေးမြန်းနေကြပါတယ်။ ပါတီကတော့ လာမယ့် ၂၀၂၄ ခုနှစ် ပထမ ၆ လပတ်ထက် နောက်မကျစေပဲ ဝေငှပေးမယ်၊  ဖုန်းထဲမှာ app ထည့်ပြီးလွှဲပေးမယ်၊ အသက် ၁၆ နှစ်ပြည့်ပြီးသူ၊ ထိုင်းနိုင်ငံသား ဖြစ်ရမယ်၊ ငွေကို မိမိနေရပ်နဲ့ ၄ ကီလိုမီတာပတ်လည်က ဈေးဆိုင်တွေမှာ ၆ လအတွင်း သုံးစွဲရမှာဖြစ်တယ်။  ငွေသားအဖြစ် ထုတ်ယူလို့မရ ဆိုတဲ့အချက်တွေ ပါပါတယ်။

အဲဒီအတိုင်းဆိုရင် တနိုင်ငံလုံးရှိ ပြည်သူတွေအတွက် ဘတ်ငွေ သန်းပေါင်း ၅၆၀၀၀၀ ကျော် ကုန်ကျမှာမို့ ဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်း တခြားပါတီလွှတ်တော်အမတ်တွေက ခန့်မှန်းပြောဆိုပါတယ်။

ဖွေ့ထိုင်းပါတီဟာ မဲဆွယ်စဉ်က  စစ်အာဏာရှင်ဦးလေးကြီး ၂ ပါတီနဲ့ ပူးပေါင်းမှာမဟုတ်ဘဲ ပုဒ်မ ၁၁၂ ကိုလည်း ပြင်ဆင်မယ်လို့ ကတိပေးခဲ့ပြီးကာမှ နောက်ဆုံးတော့ အစိုးရဖြစ်ရဖို့ အဲဒီကတိတွေကို ဖျက်ခဲ့တယ်။ ဒါကြောင့် သူတို့ ပြောထားတဲ့အတိုင်း ရမယ်မထင်ဘူးလို့  ပြည်သူ တချို့က ထိုင်းရုပ်သံ သတင်းဌာနတွေကို ဖြေကြားသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024