Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ကျပြီး ၁ ရက်မပြည့်ခင် ပြင်ပဆေးရုံတက်
နန်းမြနဒီ
·
August 23, 2023

ဝရမ်းပြေးဘဝနဲ့ ပြည်ပမှာ ၁၇ နှစ်ကြာနေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ သူ့အပေါ်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေခံယူဖို့ ဩဂုတ် ၂၂ ရက် မနေ့မနက်က ထိုင်းနိုင်ငံကို ပြန်လာခဲ့နောက် အကျဉ်းထောင်ကိုပို့ဆောင်ခံခဲ့ရကာ တရက်မပြည့်ခင်မှာပဲ ပြင်ပ ဆေးရုံမှာ တက်ရောက်နေပါတယ်။

သက်ဆင်ကို ဗဟိုတရားရုံးချုပ်က  ထောင်ဒဏ် ၁၀ နှစ်ကနေ ၈ နှစ်အထိ လျှော့ချပေးခဲ့ပြီး ဘန်ကောက် အထူးအကျဉ်းထောင်ကို ပို့ဆောင်လိုက်တာမှာ ၂၄ နာရီမပြည့်ခင် နေထိုင်မကောင်းဖြစ်ပြီး  ပြင်ပ ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတာဖြစ်ပါတယ်။ 

သူဟာ မနေ့ည ၁၁ နာရီလောက်မှာ အသက်ရှုကြပ်တာ၊ သွေးတိုးတာ၊ အိပ်မပျော်တာ စတဲ့ဝေဒနာတွေခံစားရပြီး  လက်ဖျားတွေအောက်စီဂျင်ကျဆင်းလာကြောင်း၊  အကျဉ်းထောင် ဆရာဝန်က သူ့ရဲ့ကျန်းမာ‌ရေးရာဇဝင်စစ်ဆေးရာမှာ နှလုံး‌၊ သွေးတိုး၊ အဆုတ်နာနဲ့ ကျောရိုးနာ စတဲ့ရောဂါအခံရှိပြီး အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသကရိယာတွေ မပြည့်စုံတာကြောင့် ရဲဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ရတယ်။ 

ဒါဟာ အထူးအခွင့်အရေးပေးတာမဟုတ်ဘဲ အရင်ကလည်း သူတို့မကုနိုင်တဲ့ အကျဉ်းထောင်က လူနာတွေကို  ပြင်ပဆေးရုံကို လွှဲပေးနေကျ ဖြစ်တယ်၊  သက်ဆင်အနေနဲ့ ဝေဒနာသက်သာရင် အကျဉ်းထောင်ကို ပြန်လာနေမလားလို့ သတင်းထောက်တွေကမေးရာမှာ အကျဉ်းဦးစီးအရာရှိက “ဒါကတော့ ဆေးရုံက ညွှန်ကြားချက်ပေါ်မူတည်တယ်” လို့  အကျဉ်းဦးစီးဌာန ဒုညွှန်မှူး ဆစ်ထိ ဆုထိဝုန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီကနေ့မနက်စောစောက ထိုင်းအစိုးရအိမ်တော်ပြောရေးဆိုခွင့်ရှိသူ နိုင်းဝစနုခေးငမ်းကလည်း သက်ဆင်ဟာ နိုင်ငံခြားမှာ ဇိမ်နဲ့နေလာရပြီး အခန်းကျဉ်းကျဉ်းမှာ လာနေရတော့ အိပ်မပျော်တာ၊ နေမကောင်းတာတွေဟာ ဖြစ်တတ်တဲ့သဘာဝပါပဲ။ သူက သက်ဆင်ကို သွားတွေ့တာ ဘာမှ အထူးတလည်ကိစ္စမရှိဘူး၊ သူထောင်ကျတဲ့ရက်တွေသွားတွက်တာ၊ သူဟာ ပုဒ်မ ၂၅၇ အရ လွတ်ငြိမ်းချမ်းသာလျှောက်ထားခွင့်ရှိတယ်လို့ ပြောပါတယ်။ 

ပြည်နှင်ဒဏ်ကနေ သူကိုယ်တိုင်ပြန်လာခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ သူ့ရဲ့ ပထမဆုံးထောင်တွင်းညမှာပဲ နှလုံးရောဂါနဲ့သွေးတိုး စိုးရိမ်မှုတွေကြောင့် ဆေးရုံကို ညတွင်းချင်း ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ရင်ဘတ်တင်းကျပ်မှုနဲ့ သွေးတိုးတာတွေကို ခံစားခဲ့ရပြီး သြဂုတ် ၂၂ ရက် မနက် ၂ နာရီမှာ ဘန်ကောက်မြို့ ရဲဆေးရုံကို ပို့ဆောင်ခဲ့ရကြောင်း အကျဉ်းစီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကျဉ်းထောင်မှာ သင့်တော်မှန်ကန်တဲ့ စောင့်ရှောက်မှုကို ရလိမ့်မယ်လို့ အာမခံချက် မပေးနိုင်တာကြောင့် သက်ဆင်ကို ဆေးရုံတင်ထားတယ်လို့ ရဲကပြောပါတယ်။

သက်ဆင်ကို ညဘက် ပြောင်းရွှေ့လိုက်ချိန်မှာ ထောင်အစောင့် ၈ ဦးလည်း အတူလိုက်ပါသွားခဲ့ကြောင်း ထောင် ညွှန်ကြားရေးမှူးချုပ် အာယုသ်ဆင်တော့ပန့်ထ်က ရိုက်တာသတင်းဌာနကို ပြေပါတယ်။

သက်ဆင်ဟာ ရဲဆေးရုံရဲ့  မဟာဘူမိဘောလ်ဆောင် ၁၄ ထပ်မြောက်မှာ တက်ရောက်ကုသနေပြီး အဆိုပါ ၁၄ ထပ်မှာ အခန်း ၂ ခန်းသာရှိကြောင်း၊ အခန်းငှါးခမှာ အားကစားကွင်းဘက်ကို လှမ်းမျှော်လို့ရတဲ့ဘက်က တစ်ရက်ကို  ၈၄၇၀ ဘတ်နဲ့ မြို့တွင်းရှုခင်း လှမ်းမြင်ရ တဲ့အခန်းကတော့ တစ်ရက်ကို ၇၉၈၀ ဘတ် ကျသင့်ပြီး လူနာခန်း ၊ အဝတ်ဘီဒိုတွေနဲ့ နားနေခန်း ၊ မီးဖိုခန်း စတာတွေ ပါရှိတယ်လို့ ဆိုပါတယ်။

သက်ဆင်စီးနင်းလာတဲ့  ကိုယ်ပိုင်ဂျက်လေယာဉ်ဟာ ဆီတစ်ကြိမ်ထည့်ထားရင် ရေမိုင် ၇၅၀၀ ထိ ပျံသန်းနိုင်ပြီး တန်ဖိုး ဘတ်သန်းပေါင်း ၂၄၀၀ ကျော်ရှိတယ်လို့  Thairath သတင်းမှာ ဖော်ပြပါတယ်။

သက်ဆင်ဟာ စင်္ကာပူကနေထွက်လာစင် လေယာဉ်ပေါ်မှာ ဘတ်သန်းပေါင်း ၁၀၀ ကျော်တန် လက်ပတ်နာရီပတ်ထားပေမယ့် ထိုင်းရောက်တော့ ဘတ် ၉၃၀၀ တန် အိုမီဂါနာရီ ပြန်ပြောင်း ဝတ်ဆင်ထားတယ်လို့ ဆိုပါတယ်။ 

ရှင်နာဝပ် မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုမှာ ဘတ်သန်းပေါင်း သိန်းနဲ့ချီရှိပြီး ဒီလို သူဌေးသူကြွယ် ဩဇာအာဏာရှိသူ တယောက်ဟာ အထူးအခွင့်အရေးရမှာ မလွဲဘူး၊ ထောင်ထဲမှာ ကြာကြာ နေရမှာ မဟုတ်ဘူးလို့ ထိုင်းပြည်သူတွေက လူမှုကွန်ရက်မှာ ဝေဖန်သုံးသပ်နေကြပါတယ်။ 

Ref: Tnews

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024