ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့မှာ သြဂုတ် ၂၂ မနက် အစောပိုင်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်ဟာ တနိုင်း-လီဒို လမ်းမကြီးဘက်ကနေ တနိုင်းမြို့ဘက်ကို ဝင်ရောက်လာပြီး ဒေသခံ ၅ ဦးကို နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက် အစောကြီး ၂ နာရီလောက် အင်အား ၁၀၀ လောက် လီဒို လမ်းမကြီးဘက်က ဝင်လာတယ်။ အိမ်ထဲမှာ အိပ်နေတုန်း ဝင်ဖမ်းခေါ်သွားတာ ၅ ဦး။ သူတို့ ၅ ဦးကို ဖမ်းပြီး စစ်ကြောင်းက ဖားကန့်ဘက် တက်သွားတယ်” လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့တဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က စတင်ကာ နမ္မတီးမြို့နယ်ဘက်ကနေ မော်တော်ယာဉ် သုံးစီးနဲ့ စစ်ကြောင်းထိုးလာပြီး ဒွမ်ဘုံးကျေးရွာက ဒေသခံ ၅ ဦးကို ဖမ်းဆီးကာ ကာမိုင်းမြို့နယ်အရောက်မှာ ပြန်လည်လွှတ်ပေးခဲ့ပြီး ကာမိုင်း ဒေသခံ ၅ ဦးကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဒေသခံ ၅ ဦးကို ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မအူပင်စုရပ်ကွက်က ဘုန်းတော်ကြီးကျောင်းမှာ ခေတ္တ တပ်စွဲနေခဲ့ပြီး ဖားကန့်မြို့နယ်ဘက် ဆက်လက် စစ်ကြောင်းထိုးလာစဉ် မအူပင်ကျေးရွာနဲ့ နန့်ယားကျေးရွာကြားမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) က စောင့်ကြို ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့အတွက် နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့ပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
“တိုက်ပွဲက မနက်ပိုင်းကတည်းက ဖြစ်နေတာ။ နန့်ယား စစ်ကောင်စီစခန်းကနေ ညနေ ၃ နာရီလောက်မှာ ပစ်လိုက်တဲ့ လက်နက်ကြီးကျည်က နေအိမ်တွေကို ထိတယ်။ အမျိုးသမီးတဦးလည်း ပေါင်မှာ ကျည်မှန်လို့ ထိခိုက်ဒဏ်ရာရထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နန့်ယား စစ်ကောင်စီ တပ်စခန်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ မအူပင်ကျေးရွာနဲ့ နန့်ယားကျေးရွာက နေအိမ်အချို့ လက်နှက်ကြီးကျည် ထိမှန်ပျက်စီးခဲ့ပြီး နန့်ယားကျေးရွာက မဇင်မာဦးဆိုသူ ပေါင်မှာ လက်နှက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တာပါ။
စစ်ကောင်စီတပ်နဲ့ တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နန့်ယား စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နန့်ယားကျေးရွာ ဆိုင်းဖရာကျေးရွာ မအူပင်ကျေးရွာ၊ ကပ်မှော်ကျေးရွာ၊ ခွန်ဆိုင်ကျေးရွာ၊ တံတားညီနောင်ကျေးရွာ ပျားအုံကျေးရွာနဲ့ တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံ ပြည်သူ ၇၀၀ ကျော် ဘေးလွတ်ရာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။