Home
မြန်မာသတင်း
ဒေါ်လာဈေးနှင့် စားအုန်းဆီဈေးမြင့်တက်မှု ကုန်သည်များကို စစ်ကောင်စီ အပြစ်တင်
DVB
·
August 23, 2023

မြန်မာပြည်တွင်းဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးနှုန်းနဲ့ စားအုန်းဆီဈေးတွေ မြင့်တက်မှုဟာ ကုန်သည်တွေရဲ့ မတော်လောဘကြောင့် ဖြစ်သင့်တာထက်ပိုပြီး အမြတ်တင်ရောင်းလို့ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

သြဂုတ် ၂၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြစ်တင်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ခင်ဗျားတို့စဉ်းစားကြည့်၊ အစိုးရက ၂,၉၂၀ နဲ့ဝယ်တယ်၊ ၂,၉၂၀-၂,၉၂၂ ကျပ်နဲ့ ရောင်းပေးတယ်၊ ၂ ကျပ်ပဲကွာတယ်။ ဘဏ်လုပ်ငန်းဆောင်တာ ဆောင်ရွက်တဲ့ဟာပဲ ကွာတယ်။ သို့သော် သူတို့က အပြင်မှာ ဒီဟာတွေကို ဘယ်ဈေးနဲ့ညှိပြီး ရောင်းပေးလဲဆိုရင် အခုလက်ရှိ ပြင်ပမှာဖြစ်နေတဲ့ ဒေါ်လာပေါက်ဈေး ၃,၅၀၀ ကျော် ပေါက်ဈေးနဲ့ပဲ အနည်းဆုံး ညှိပြီး ရောင်းပေးနေတာ တွေ့ရတယ်။ အဲဒီလိုလူတွေကိုမှ ဝိသမလောဘလို့ မခေါ်ရင် ဘယ်ဟာကို ခေါ်မလဲ။ အစိုးရအနေနဲ့ စွပ်စွဲနေတာ မဟုတ်ဘူး။ အထောက်အထားနဲ့ ကျနော် ပြနေခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

အဲဒီလို ဈေးနှုန်းမြှင့်တင် ရောင်းဝယ်နေတာတွေအပေါ် ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရလိမ့်မယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီ ဗဟိုဘဏ်ဟာ တဒေါ်လာကို ၂,၁၀၀ နှုန်း သတ်မှတ်ပြီး ဗဟိုဘဏ်ရဲ့ အွန်လိုင်းရောင်းဝယ်စနစ်မှာတော့ သွင်းကုန်သမားတွေကို တဒေါ်လာ ၂,၉၂၀-၂၂ ကျပ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း ပို့ကုန်လုပ်ငန်းရှင်တွေကို ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းနဲ့ မဖြစ်မနေ လဲလှယ်ခိုင်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြင်ပဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာ ၃,၇၀၀ ဝန်းကျင် အရောင်းအဝယ် ဖြစ်နေပါတယ်။

တဖက်မှာလည်း ဒေါ်လာဈေးမြင့်တက်တာကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဈေးကစားရင် အရေးယူခံရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါ့အပြင် ခွင့်ပြုချက်/လိုင်စင်မရှိဘဲ ဒေါ်လာကိုင်ရင်လည်း အရေးယူမယ်လို့ စာထုတ်ထားတဲ့အပြင် ဒေါ်လာဈေးနဲ့ ရွှေဈေးထိန်းချုပ်နိုင်ဖို့ task force ဖွဲ့ပြီး ဆောင်ရွက်မယ်လို့လည်း ဆိုထားပါတယ်။

၂၀၁၄ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းအရ ပြည်တွင်းမှာ နေထိုင်သူ တယောက်က အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကို ၆ လအထိသာ ကိုင်ဆောင်ခွင့်ရှိပြီး ၆ လကျော်တဲ့အထိ အသုံးမပြုဘူးဆိုရင် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချတာ ဒါမှမဟုတ် ဘဏ်စာရင်းထဲ ထည့်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို နိုင်ငံခြားငွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ကန့်သတ်ချက် အမျိုးမျိုး ထုတ်ပြန်နေတာဟာ မှောင်ခိုဈေးကွက်ကို ပိုပြီး ကျယ်ပြန့်လာအောင် လုပ်ဆောင်နေတဲ့ သဘောရှိတယ်လို့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်တယောက်က သုံးသပ် ပြောပါတယ်။

"နဂိုအတိုင်းပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရင် ခိုးကြောင်ခိုးဝှက်နဲ့ ခိုးကိုင် ခိုးသုံး ခိုးလုပ်ပေါ့။ အဲ့လိုပုံစံနဲ့ပဲ သွားလို့ ရမှာပေါ့။ မဟုတ်လို့ရှိရင် ဒါက ဖမ်းဆီးခံရဖို့ များသွားပြီ။ အခုက လစာရတယ်ဆိုပေမယ့် ပြနိုင်တယ်ဆိုတဲ့ အချိန်မှာ မြန်မာငွေ Exchange rate က သတ်မှတ်ထားတာ ၂၉၂၀ နဲ့ လဲဆိုတော့ သူသူကိုယ်ကိုယ် ဒီငွေကို အပြင်မှာ ၃၈၀၀၊ ၃၉၀၀ ဝန်းကျင် ဖြစ်နေချိန်မှာ ဘယ်သူမှာ အဲ့ပမာဏနဲ့လဲကြမှာ မဟုတ်ဘူး။ နောက်ဆုံး ဖြစ်မှာက ခိုးရောင်း ခိုးဝယ် ခိုးကိုင်ဖြစ်လာမှာပဲ မြင်ရတဲ့ အနေအထား တခုပေါ့။"

"မှောင်ခိုဈေးကွက်ကို အားပေးလိုက်တာနဲ့ အတူတူပဲပေါ့။ မှောင်ခိုဈေးကွက်ကို လုပ်ပါလို့ တိုက်ရိုက် မပြောဘဲ သွယ်ဝိုက်တဲ့နည်းနဲ့ လုပ်ပါလို့ ပြောလိုက်သလို ဖြစ်သွားတာပေါ့။ ကုန်ဈေးနှုန်းကျဖို့ဆိုတာလည်း မဖြစ်လာနိုင်ဘူး။ အမှန်တရားကို နည်းလမ်းမှန်မှန် ဖြေရှင်းနိုင်မှ ကျလာမှာပေါ့။ အခုက ဖြေရှင်းတာက တခါသုံး သက်ကယ်ဆေး ထိုးနေရသလိုပေါ့။ ဒါက ရေရှည်မှာ သွားလို့ မရဘူး။ ရေတိုမှာ သွားရင် မှန်ပေမယ့် တကယ့် ရေရှည်စီမံကိန်းနဲ့ ကြည့်ရင် မှားနေတာကို တွေ့ရတယ်။"

နိုင်ငံခြားငွေ ရောင်းဝယ်တဲ့ လုပ်ငန်းတွေလည်း လုပ်ငန်းလိုင်စင်ရှိမှသာ လုပ်ဆောင်ခွင့်ရှိပြီး လိုင်စင်ရှိသူတွေ အနေနဲ့ နိုင်ငံခြားငွေသားနဲ့ ခရီးသွား ချက်လက်မှတ်တွေသာ ရောင်းဝယ်ခွင့်ရှိတယ်လို့ ဗဟိုဘဏ် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တရားမဝင် ငွေလဲလှယ်နေသူတွေ ဈေးကစားတာကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး ပြည်ပကို ထွက်ခွာမယ့်သူတွေအတွက် နိုင်ငံတကာ ငွေပေးချေမှုတွေ ကတ်တွေအပြင် အသေးသုံး နိုင်ငံခြားငွေ ဝယ်ယူဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဒါမှမဟုတ် AD လိုင်စင်ရဘဏ်တွေရဲ့ ငွေလဲကောင်တာတွေမှာ တယောက်ကို အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၅၀၀ ရောင်းပေးနေတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားငွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ထိန်းချုပ် ကန့်သတ်ချက်တွေဟာ ပြည်တွင်းက NGO, INGO အဖွဲ့အစည်း အချို့ အပါအဝင် နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ကုမ္ပဏီ ဝန်ထမ်းတွေအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ INGO အဖွဲ့အစည်းတခုမှာ လုပ်ကိုင်နေသူ တယောက်က ပြောပါတယ်။

"အဓိက စိုးရိမ်စရာရှိတာက ကိုယ့်ရဲ့ မြန်မာပြည်မှာရှိတဲ့ နိုင်ငံခြားငွေ ဘဏ်အကောင့်ထဲကို လစာတွေ ဝင်လာတဲ့သူတွေက ပိုစိုးရိမ်ရလိမ့်မယ်။ တခြား တချို့အဖွဲ့အစည်းက နည်းတော့နည်းပါတယ်။ နိုင်ငံခြားကနေ ဒေါ်လာတွေ၊ ဘတ်တွေ၊ စင်ကာပူဒေါ်လာတွေကို ငွေသားအနေနဲ့ ပေးတဲ့ အဖွဲ့တွေမှာတော့ သူတို့ရဲ့ ဥပဒေ သက်ရောက်မှုက အရမ်း လက်လှမ်းကျယ်မယ် မထင်ဘူး။ ဒါပေမဲ့ ပြောမရနိုင်ဘူးပေါ့။ ဒေါ်လာနဲ့ ပေးတဲ့ အဖွဲ့အစည်းအတွေ အကုန်လုံးကို စာရင်းကောက်ပြီး ဒါတွေကို ဘယ်လို လုပ်ဆောင်လဲဆိုတာ နောက်ပိုင်းမှာ တဆင့်ပြီးတဆင့် ရောက်လာနိုင်တဲ့ အနေအထားရှိတယ်။ NGO တိုင်းကလည်း ဒေါ်လာနဲ့ လစာ ရနေတာ မဟုတ်ဘူးလေ။ NGO တော်တော်များများက သိရသလောက် မြန်မာငွေနဲ့ လစာ ရကြတာ။ သတင်းတခုအနေနဲ့တော့ အချင်းချင်း NGO တွေ၊ UN တွေကြားထဲမှာ share ကြတာ ရှိတယ်။ ဒါပေမဲ့ အခြေအနေကို စောင့်ကြည့်နေတုန်းပေါ့။ အဖွဲ့အစည်းဘက်မှာလည်း တခုခုဆို အရေးပေါ် လုပ်ပေးနိုင်မယ့် အစီအစဉ် ရှိကြမယ် ထင်တယ်။"

အလားတူ သာမန်ပြည်သူတွေ အဓိကစားသုံးတဲ့ စားအုန်းဆီဟာလည်း ဒေါ်လာဈေးနဲ့အပြိုင် တရိပ်ရိပ် ဈေးနှုန်းမြင့်တက်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီးဒေါက်တာဝါဝါအောင်က စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ရသင့်ရထိုက်တဲ့ အမြတ်ကိုပဲ ယူကြဖို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“ရည်ညွှန်းဈေးက ၄,၀၆၅ ကျပ် ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လက်ကားဈေးက ၈,၀၀၀ ကျပ် ဖြစ်ပါတယ်။ နောက် ဘုရင့်နောင်လက်ကားဈေးက ၉,၀၀၀ ကျပ် ဖြစ်ပါတယ်။ နောက် လက်လီဈေးက ၁၀,၀၀၀ ပေါက်နေပါတယ်ရှင့်။ ဒါ့ကြောင့်မို့လို့ ၅၀ ရာခိုင်နှုန်းကို စက်သုံးဆီ၊ စားသုံးဆီတွေမှာ ထောက်ပံ့ဈေးတွေနဲ့ ပေးထားတာ။ သယ်ယူပို့ဆောင်ရေးစရိတ်တွေ တက်လို့၊ နောက်တခုက ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လို့ဆိုပြီး ဈေးတွေကို တက်ပြီး ရောင်းတဲ့အခါမှာ FESC ကနေပြီးတော့ နိုင်ငံတော်ရဲ့ စေတနာနဲ့ ပံ့ပိုးပေးထားတဲ့ ဆောင်ရွက်မှုတွေက အရာမထင်တဲ့ ပုံစံမျိုး ပေါက်နေတဲ့ အနေအထား ဖြစ်ပါတယ်။”

စားအုန်းဆီတပိဿာ ၁၀,၀၀၀ ကျပ် ဈေးပေါက်နေတယ်လို့ ဆိုပေမဲ့ ပြင်ပဈေးကွက်မှာတော့ ပြည်သူတွေဟာ စားအုန်းဆီ တပိဿာကို ၁၁,၀၀၀ ကျပ် အထက်ဈေးနဲ့ ဝယ်ယူစားသုံးနေရပါတယ်။

စားသုံးဆီ မြင့်တက်လာတာကို လျှော့ချနိုင်ဖို့ စားအုန်းဆီတွေကို တပိဿာ ၄,၀၀၀ ဝန်းကျင်နဲ့ တဦးကို ၅၀ ကျပ်သားနှုန်းနဲ့ ဆီကုန်သည်အသင်းက လှည့်လည်ရောင်းချပေးနေပေမဲ့ စားအုန်းဆီဈေးတွေ ဆက်လက်မြင့်တက်နေပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးအပေါ် နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေ အပါအဝင် စစ်ကောင်စီ အသစ် ထုတ်လိုက်တဲ့ ကျပ် နှစ်သောင်းတန် ငွေစက္ကူ ထုတ်‌ဝေမှု အကျိုးဆက်တွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုးဟာ ဆက်တိုက် ကျဆင်းနေပြီး နိုင်ငံခြားငွေနဲ့ ရွှေ ဈေးကွက် ကမောက်ကမ ဖြစ်နေပါတယ်။

သြဂုတ်လ ၂၁ ရက်အထိ ပြင်ပမှာ အမေရိကန် ၁ ဒေါ်လာကို ငွေကျပ် ၃၈၀၀ ဝန်းကျင်၊ ထိုင်းဘတ် ၁ ဘတ်ကို ကျပ် ၁၀၀ ကျော်၊ အခေါက်ရွှေ ၁ ကျပ်သားကို ၃၉ သိန်းကျော်အထိ ရှိနေပြီး ပြည်ပက တင်သွင်းတဲ့ လောင်စာဆီ၊ ဆေးဝါးနဲ့ လူသုံးကုန် အပါအဝင် ပြည်တွင်းမှာ အခြေခံ စားသောက်ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024