Home
မြန်မာသတင်း
ကော့ကရိတ်တွင် စစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအပါ ၅ ဦးသေပြီး ၁၅ ဦး ဒဏ်ရာရ
DVB
·
August 23, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအပါအဝင် ၅ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ တောင်ကြာအင်းစခန်း၊ ကော့ကရိတ်-မြဝတီ တောနော်ရေတံခွန်အနီး၊ တောင်ကြာအင်းရဲစခန်း၊ တောင်ကြာအင်းစာသင်ကျောင်း စတဲ့နေရာတွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

KNLA တပ်မှူး စောကျော်သက်က “တိုက်ပွဲတွေက နေ့တိုင်းလိုလို ဖြစ်နေတယ်။ စစ်ကောင်စီက ဘယ်မှမထွက်ရဲတော့ဘူး။ တိုက်ပွဲဖြစ်တိုင်းလည်း ၂ ယောက် ၃ ယောက်ကတော့ စစ်ကောင်စီဘက်က ပုံမှန်ကျတယ်။ တော်လှန်ရေးဘက်ကတော့ ထိခိုက်သူမရှိဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို KNLA တပ်ရင်း-၂၇၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ-၄၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ-၃၊ ပျံလွှားတပ်ဖွဲ့၊ ဂဠုန်စစ်‌ကြောင်း ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် ဩဂုတ် ၁၉ ရက်က စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တောင်ကြာအင်း ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့တဲ့အတွက် ဦးမြင့်ကျော် (အသက် ၅၂ နှစ်) ဦးခေါင်း လက်နက်ကြီးစ ထိမှန်သေဆုံးပြီး ဒေသခံရွာသားတဦး ထိမှန်ဒဏ်ရာရရှိကာ လူနေအိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တဲ့အပြင် မြောက်ကြာအင်းကျေးရွာက ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်က ရွာသစ်ကုန်း၊ ကျောက်စက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျားဖြူစစ်ကြောင်း လုံခြုံရေးတပ်ခွဲ (Southern Eagle- PDF)၊ ကျားဖြူတပ်ခွဲ-၄၊ တပ်ခွဲ-၅ (Justice Soldier-PDF) ဒရုန်းတပ်ဖွဲ့၊ နဂါးဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024