Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ကေဘယ်လ်ကြိုးပြတ်ကျပြီး ပိတ်မိနေသည့် ကလေးများကို ကယ်ထုတ်
DVB
·
August 23, 2023

ပါကစ္စတန်နိုင်ငံ တောင်တန်းဒေသက ဘက်တာဂရမ်မြို့မှာ ကေဘလ်ကြိုးပြတ်ပြီး တွဲလောင်းချိတ်နေတဲ့ ဂွန်ဒိုလာ ခေါ် ကေဘယ်လ်ကားထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်တွေကို ကယ်ဆယ်ရေးအဖွဲ့တွေက သက်စွန့်ဆံဖျား ကယ်ထုတ်ခဲ့ကြရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

သြဂုတ် ၂၂ ရက်က ဒေသခံအမျိုးသားတဦးဟာ ဒေသဆိုင်ရာရုပ်သံဌာနကို ဖုန်းခေါ်ဆိုခဲ့ပြီး ကေဘယ်ကားထဲ ပိတ်မိနေသူတွေကို အမြန်ဆုံး ကယ်ဆယ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

ပါကစ္စတန်စစ်တပ်ဟာ လေပြင်းတိုက်ခတ်တာနဲ့ အလင်းရောင် မှိန်မှိန်ကြားက အန္တရာယ်များတဲ့ မြင့်မားနက်စောက်တဲ့ လျှိုမြောင်ချောက်တခုပေါ်မှာ ကြိုးတန်းလန်း ချိတ်နေတဲ့ ကေဘယ်လ်ကားပေါ်ကနေ ကလေးတွေကို ကယ်တင်နိုင်ခဲ့ပါတယ်။

ကေဘယ်လ်ကားထဲမှာ ကလေး ၇ ‌ယောက်နဲ့ ကျောင်းဆရာ ၁ ယောက်တို့ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီကတည်းက ပိတ်မိနေခဲ့တာလို့ ဆိုပါတယ်။ 

အစ္စလာမာဘတ်မြို့ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာက ဘက်တာဂရမ်မြို့မှာ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသရှိ စာသင်ကျောင်းကို နေ့စဉ် ဒီကေဘယ်လ်ကားကိုအသုံးပြုပြီး အသွားအပြန် လုပ်နေရတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်တွင်းမီဒီယာတွေမှာတော့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတဦးဟာ ရဟတ်ယာဉ်ကနေ ကေဘလ်ယ်ကားအနီးထိ ကြိုးတွဲလောင်းချ ဆင်းသွားပြီး ကားထဲမှာ ပိတ်မိနေသူတွေနဲ့ ရှိနေပုံတွေကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ 

ကေဘယ်လ်ကားဟာ လျှိုမြောင်ကိုဖြတ်ကူးနေရင်း ကေဘယ်လ်ကြိုးတချောင်း ပြတ်သွားခဲ့လို့ ကျန်နေတဲ့ ကြိုးတချောင်းတည်းရဲ့ အားနဲ့ တွဲလောင်းချိတ်ကျနေတာဖြစ်ကြောင်း အဲဒီနေရာက ကယ်ဆယ်ရေးအရာရှိ ရှရစ်ခ် ရီယက်ဇ် ခက်တက်ခ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ချွတ်ယွင်းမှုကို ပြင်ဆင်ဖို့ ကြိုးစားရာမှာ မအောင်မြင်သေးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် စစ်တပ်ရဟတ်ယာဉ် ၂ စင်း စေလွှတ်ထားကြောင်း ပါကစ္စတန် အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အာဏာပိုင်ရုံးက ထုတ်ပြန်ထားပါတယ်။

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း တောင်တန်းဒေသတွေမှာ နေထိုင်သူတွေဟာ တရွာမှတရွာကို ကူးသန်းသွားလာရာမှာ ကေဘယ်လ်ကားတွေကို အသုံးပြုနေရတာဖြစ်ပါတယ်။ 

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024