Home
ဆောင်းပါး
ဇာတ်တူသားစားရတာ ခံတွင်းမြိန်ရဲ့လား မင်းအောင်လှိုင်
DVB
·
August 23, 2023

လုယက်ထားတဲ့ အာဏာ လွတ်ကျသွားခဲ့ရင် အထွတ်အထိပ်နေရာကနေ ထောင်ထဲဝင် စီရင်ချက်ချခံ ရရုံတင်မက ဘဝပေါင်းနှစ်ဆယ်၊ သုံးဆယ် စားလို့မကုန်အောင် အာဏာနဲ့သိုက်တူးထားသမျှ ခွေးဝဲစားဘဝသို့ ရောက်သွားနိုင်တာကြောင့် စစ်ဗိုလ်ချုပ်တွေက အကြောက်ကြီးကြောက်ရတယ်။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် အာဏာလက်မလွှတ်ရေးသည် နံပါတ်တစ်။ သူတို့သိမ်းထားတဲ့အာဏာကို ထိပါးလာတယ်ဆိုရင် အစွမ်းကုန် ရက်စက်၊ အစွမ်းကုန်သတ်ဖြတ် ကမ်းကုန်ကောင်တွေရဲ့ဇာတ်။

သူတို့မှာ အပြင်ရန်နဲ့ အတွင်းရန် နှစ်ရန်စလုံးကို သတိကြီးကြီးထား စောင့်ကြည့်ချေမှုန်းရတယ်။ အပြင်ရန်ဆိုတာက ပြည်သူတွေရဲ့ရန်၊ ဒီမိုကရေစီအင်အားစုရန်၊ နိုင်ငံတကာဒီမိုကရေစီမဟာမိတ်တို့ရဲ့ရန်။ အတွင်းရန်က သူတို့အာဏာရှင်ရပ်ဝန်းကြား အာဏာ ခွက်စောင်းခုတ်ကြတဲ့တိုက်ပွဲ။ အရင်နေဝင်းနဲ့ သန်းရွှေလက်ထက်တုန်းကတော့ အပြင်ရန် အန္တရာယ်ကာလတချို့မှာသာ ရုန်းရုန်းကန်ကန်နဲ့ ဇောချွေးပျံခဲ့ရတယ်။

ပထမအာဏာရှင်နေဝင်းဟာ ၁၉၆၂ ခုနှစ်၊ အာဏာစသိမ်းတဲ့အချိန်ကနေ ၁၉၈၈ ခုနှစ်မတိုင်ခင်အထိ အပြင်ရန်ကြောင့်သွေးပျက်ရတဲ့အဆင့်မရောက်ဘဲ အာဏာကို မိမိရရဆုပ်ကိုင်နိုင်ခဲ့သလို လနဲ့ချီကြာ အနောက်နိုင်ငံသွား ဇိမ်ခံအလေလိုက်ရဲတဲ့အထိ အတွင်းရန်ကိုလည်း မှုစရာမလိုခဲ့ပါဘူး။ စစ်တပ်ထဲ သူနဲ့ခေတ်ပြိုင်တွေထဲက ခြေဖဝါးချင်းလာတိုင်း နိုင်တယ်လို့ ယူဆရသူတွေနဲ့ စစ်တပ်တွင်းထောက်ခံမှုရ၊ နာမည်ကြီးလာသူမှန်သမျှကို ရှင်းပစ်တယ်။ သူသေဆို သေနိုင်ကောင်းရဲ့ဆိုတဲ့ သားတပည့်တွေကို နေရာပေးဆွဲတင် မြှောက်စားကာ သူ့အာဏာခံတပ်ကို အကောင်းဆုံးတည်ဆောက်ခဲ့တယ်။ သူ့သားတပည့်တွေထဲကမှ စစ်တပ်တွင်း ထောက်ခံမှု အခိုင် အမာရပြီးနာမည်ကြီးလာတဲ့ ဗိုလ်ချုပ်ကြီးသူရတင်ဦး (NLDနာယက)တို့လို ပုဂ္ဂိုလ်မျိုးကိုလည်း ရှင်းပစ်ပြန်တယ်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးက တစ်ပါတီအာဏာရှင်စနစ်ကိုနိဂုံးချုပ်၊ ပထမအာဏာရှင်နေဝင်းကို နိုင်ငံရေးစင်မြင့်ထက်ကနေ ကန်ချပစ်လိုက်နိုင်ပေမဲ့ စစ်အာဏာရှင်စနစ်ကို မရှင်းနိုင်ခဲ့တာကြောင့် ဒုတိယ အာဏာရှင်သန်းရွှေနဲ့ အပေါင်းအပါတို့ရဲ့ တိုင်းဖျက်ပြည်ဖျက်ဒဏ်ကို ဆက်လက်ခံ စားခဲ့ရပြန်တယ်။

သန်းရွှေကလည်း အပြင်ရန်တိုက်စစ်ကို ကာလတချို့သာခံခဲ့ရတယ်။ အပြင်ရန်မီးကို အစွမ်းကုန်ချေ မှုန်းခဲ့ပေမဲ့ အပြင်ရန်မီးက ဆက်လက်တောက်လောင်။ ဒါပေမဲ့ သန်းရွှေဟာ အာဏာကို မိမိရရ ဆုပ်ကိုင်ထားနိုင်တာကြောင့် သူ့စိတ်ကြိုက်ရေးသားထားတဲ့ဇာတ်ညွှန်း စစ်တစ်ပိုင်းဒီမိုကရေစီကို ဒါရိုက်တာသိန်းစိန်လက် ထိုးအပ်ကာ ဖော်ဆောင်ခိုင်းခဲ့တယ်။

သန်းရွှေဟာ ကွမ်းလေးတမြုံ့မြုံ့နဲ့ တကိုယ်တော်ချက်စ်ထိုးကာ သူ့အာဏာကို ထိပါးလာနိုင်ခြေရှိတဲ့ အတွင်းရန်အပေါ်လည်း လက်ဦးမှုရှိစွာ ချေမှုန်းပစ်ခဲ့တယ်။ သူဟာ စောမောင်လို ဖြုတ်ချခံရပြီး အာဏာလက်မဲ့ လူမသိသူမသိဘဝနဲ့ နိဂုံးချုပ်ရမှာ ကြောက်တာကြောင့် အကြွင်းအကျန်အာဏာလေးနဲ့စွာချင်တဲ့ နေဝင်းဂိုဏ်းကို ပြတ်ပြတ်သားသားရှင်းပစ်ခဲ့တယ်။

ဒါ့အပြင် သူနဲ့ မတိမ်းမယိမ်းထဲက ခပ်စွာစွာတိုင်းမှူးတွေဖြစ်တဲ့ ထွန်းကြည်၊ ကျော်ဘ၊ မြင့်အောင်… တို့ကို ဝန်ကြီးရာထူးပေး၊ စစ်တပ်နဲ့ဝေးအောင်ပြုလုပ်ပြီးနောက် ခင်ညွန့်နဲ့ပေါင်းကာ ရှင်းထုတ် ခဲ့သလို စစ်ထောက်လှမ်းရေးတစ်ဖွဲ့လုံးကိုလည်း မြေလှန်ကာ ခေါင်းကိုင်ဖခင်ခင်ညွန့်ကို အကျယ်ချုပ်ခဲ့တယ်။

အခုတော့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အလှည့်။ အရင်အာဏာရှင် နှစ်ဆက်ထက် ပိုဓားထက်ပြီး ပြည်သူကို ဗုံးမိုးရွာရဲတဲ့အထိ ရက်စက်နေသူလည်းဖြစ်တယ်။ အရင် နေဝင်း အာဏာသိမ်းခဲ့စဉ်က အာဏာသိမ်းပြီး တစ်ပတ်မပြည့်မီ အာဏာရပြီလို့ ကြွေးကြော်နိုင်ခဲ့သလို စောမောင်လက်ထက်၊ အာဏာသိမ်းခဲ့စဉ်ကလည်း  တစ်လလောက်အကြာမှာ အာဏာကို မိမိရရဆုပ်ကိုင်နိုင်ခဲ့တယ်။ အခုမင်းအောင်လှိုင်ကျတော့ အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကြာတဲ့အထိ အာဏာမရသေးရုံတင်မက ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံအနှံ့နေ့စဉ် တိုက်ပွဲခေါ်သံတွေ ဆက်နေသလို သေဆုံးစစ်သားအရေအတွက်လည်း လှေကားထောင်တက်လာပါတယ်။ ဒါ့အပြင် ဘဏ္ဍာရေးအကျပ်၊ ဒေါ်လာငတ်၊ ထိန်းမနိုင်တော့တဲ့ ငွေကြေးဖောင်းပွမှုတွေကလည်း မင်းအောင်လှိုင် မြေလူးကိန်းဟာ သိပ်မဝေးတော့ကြောင်း သိသာထင်ရှားတဲ့ အမှတ်လက္ခဏာတွေပဲ ဖြစ်တယ်။ မင်းအောင်လှိုင်ဟာ မအောင်မြင်တဲ့အာဏာသိမ်းပွဲကို စတင်လိုက်ချိန်မှာပဲ သူနဲ့ခေတ်ပြိုင် စစ်တပ်ထဲက ဗိုလ်ချုပ်တွေကို ရှင်းထုတ်ခြင်းနဲ့ ချောင်ထိုးခြင်း လုပ်ဆောင်ခဲ့သလို အာဏာရဲ့ဗဟိုချက်ဆီ ကိုယ့်လူကိုယ် ဆွဲခေါ်ကာ အတွင်းရန်အတွက် အစဉ်အလာမပျက် ခံတပ်ပြင်ခဲ့ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်ဟာ လှုပ်လေမြုပ်လေ၊ လျှောက်လေ နက်လေဘဝကိုရောက်ရှိလာတာ ကြောင့် အပြင်ရန်ကိုလည်း အရက်စက်ဆုံးနည်းလမ်းတွေနဲ့ ဖြိုခွင်းနေသလို အတွင်းရန်လို့ စိတ်ထင်သူမှန်သမျှကို ရှင်းလည်းရှင်း၊ နေ့စဉ်လည်း ဓားသွေးနေပါတော့တယ်။

မင်းအောင်လှိုင်ဟာ သူစိတ်ကြိုက်ခန့်ထားတဲ့ စစ်တိုင်းမှူးတွေကို သူ့စိတ်ကြိုက်ဖြုတ်နေတာလည်း ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ဒုဗိုလ်ချုပ်ကြီးတွေကစလို့ အနားပေးသူကိုပေး၊ အရပ်ဘက်ပြောင်းခိုင်းသူကို ပြောင်းခိုင်းနဲ့ ဗြောင်းဆန်နေရောပါပဲ။

ပြီးခဲ့တဲ့ ဇူလိုင်လလယ်တုန်းက မြောက်ပိုင်းတိုင်းမှူးနဲ့ အပေါင်းအပါတစ်စုကို နေပြည်တော်ခေါ် ဖမ်း ဆီးစစ်ဆေးခဲ့တယ်။ ဇူလိုင်နောက်ဆုံးပတ်ရောက်တော့ တနင်္သာရီတိုင်းအခြေစိုက် ကမ်းရိုးတန်းတိုင်း၊ ဒုတိုင်းမှူးနဲ့ အပေါင်းအပါတွေကို ဖမ်းခဲ့သလို စစ်တပ်အရာရှိ ၆၁ ဦးကိုလည်း အငြိမ်းစား ပေးပြန်ပါတယ်။ အဲဒီ ၆၁ ဦးထဲမှာ ဗိုလ်ချုပ် ၃ ဦး၊ ဗိုလ်မှူးချုပ် ၁၄ ဦးနဲ့ ဗိုလ်မှူးကြီး ၄၄ ဦးပါဝင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဘာကြောင့် အငြိမ်းစားပေးလိုက်တာလဲဆိုတော့ မင်းအောင်လှိုင် ခံတွင်းမတွေ့တော့လို့ ပေးချင်လို့ပေးတယ်ဆိုတဲ့ အဖြေကလွဲ တခြားမရှိပါဘူး။

အဲဒီနောက် ဇူလိုင် ၃၁ ရက်မှာ အရေးပေါ်ကာလ ၆ လ သက်တမ်းတိုးလိုက်ပြီးနောက် ဩဂုတ်လ ပထမပတ်အတွင်း အရေးပေါ်ဖြုတ်ထုတ်ရှင်းအဖြစ် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးနဲ့ ပြည်ထောင်စုအဆင့် ၈ ဦးကို ဖယ်ရှားခဲ့ပြီး မင်းအောင်လှိုင်ခန့် ဝန်ကြီးတချို့ကိုလည်း ဝန်ကြီးဌာနအပြောင်းအလဲ လုပ်ပြန်ပါတယ်။

ဇူလိုင်နောက်ဆုံးပတ်အတွင်း အငြိမ်းစားပေးခံရတဲ့ ဗိုလ်ချုပ် ၂ ဦးဟာ ရာပြည့်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီဝင်တွေဖြစ်ပြီး ရာပြည့်ကျတော့ ငြိမ်းချမ်းရေးကနေ ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ တာကြောင့် စစ်အုပ်စုငြိမ်းချမ်းရေး မအောင်မြင်တာကြောင့် ဒဏ်ခတ်တယ်လို့ မဆိုနိုင်ဘဲ မင်းအောင်လှိုင်စိတ် အလိုကျ ထင်ရာစိုင်းခြင်းဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးကျွမ်းကျင်သူ ရာပြည့်ကို ပြည်ထဲရေးဝန်ကြီးခန့်လိုက်ပြီး နောက်နှစ်ဦးကို ပင်စင်ပေးလိုက်တာက အယောင်ဆောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်တော့မှာ မဟုတ်ကြောင်း သတင်းပေးပို့ချက်လည်း ဖြစ်နိုင်ပါတယ်။

ပြီးတော့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး အဲဒီဌာနရဲ့ ဝန်ကြီး ဖယောင်းတိုင် ကိုကိုလှိုင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး-၂အဖြစ် ပြောင်းလဲခန့်အပ်လိုက်တာက နိုင်ငံတကာဆက်ဆံရေးဟာ နိုင်ငံခြားရေးဝန်ကြီးဌာန တခုတည်းနဲ့ လုံလောက်တဲ့သဘော သို့မဟုတ် နိုင်ငံတကာနဲ့ ရှေ့လျှောက် ဆက်ဆံစရာ သိပ်မရှိဘူးလို့ မင်းအောင်လှိုင် နားလည်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

မင်းအောင်လှိုင်ဟာ အပြင်ရန်နဲ့ ဖွင့်တိုက်ရာမှာ အရှုံးပြလာပြီး ရုန်းထွက်ရခက် ထွက်ပေါက်ပိတ်နေ တဲ့အခြေအနေမှာ ဇွတ်တရွတ်ရှေ့ဆက်တိုးဖို့သာ အာရုံကျနေတော့ စိတ်ရွေ့ရာနောက် ကောက်ကောက်ပါ။ ကိုယ့်လူကိုယ် မယုံကြည်မှုတွေ၊ သံသယကြီးမှုတွေနဲ့ ဗျာများကာ ဖြုတ်ထုတ်ရှင်းနဲ့အပြောင်း အရွှေ့တွေကို အဆင်အခြင်မဲ့ တွင်တွင်ကြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရင်ဘတ်ထဲ တောက်လောင်နေတဲ့မီးကို ဇာတ်တူသားစားခြင်းနည်းနဲ့ ငြှိမ်းသတ်ကြည့်တာလည်း ဖြစ်နိုင်ပါတယ်။ မင်းအောင်လှိုင်ဟာ အတွင်းရန်မှာ အောင်နိုင်သူ စစ်သူကြီးဖြစ်နိုင်ပေမဲ့ အပြင်ရန်မီးရဲ့ သေနတ်သံတွေက နေပြည်တော်နားအထိ ရောက်လာပြီ ဖြစ်ပါတယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024