ယူကရိန်းနိုင်ငံဟာ ဒီသီတင်းပတ်အတွင်း လွတ်လပ်ရေးနေ့ကို ကျင်းပဖို့ ပြင်ဆင်တဲ့အနေနဲ့ မီးလောင်စုတ်ပြတ်နေတဲ့ ရုရှားတင့်ကားပျက်တွေကို မြို့တော်ကိယက်ဗ်ရဲ့ မြို့လယ်ခေါင်မှာ ဩဂုတ် ၂၁ ရက်ကစပြီး စီတန်းခင်းကျင်းထားပါတယ်။
ဆိုဗီယက်ခေတ်နှောင်းကာလ ရုရှဆီကနေ လွတ်လပ်ရေးရခဲ့တဲ့ ၃၂ နှစ်ပြည့် အထိမ်းအမှတ်နေ့ဟာ ဩဂုတ် ၂၄ ရက်မှာ ကျရောက်ပြီး ပြည်လုံးကျွတ် အားလပ်ရက်အဖြစ် သတ်မှတ်ထားတာပါ။
အဲဒီနေ့ဟာ ရုရှားကတောင်ဘက် အိမ်နီးချင်း ယူကရိန်းနိုင်ငံကို အပြည့်အဝ ကျူးကျော်ခဲ့တဲ့ ၁၈ လပြည့်တဲ့နေ့ ဖြစ်ပါတယ်။
ကိယက်ဗ်မြို့တော်ရဲ့ မြို့လယ်က ခရက်ချ်ချက်တက်ခ် လမ်းတလျှောက် မီးကျွမ်းနေတဲ့ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေနဲ့ တခြား စစ်လက်နက်ပစ္စည်းတွေကို စစ်ရေးပြသလို ခင်းကျင်းထား တာကို ပြည်သူတွေက ငေးမောကြည့်ရှုနေကြပါတယ်။
ဒီနှစ်ရဲ့ လွတ်လပ်ရေးအားလပ်ရက်ဟာ ယူကရိန်းအစိုးရက ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ထိုးစစ်ဆင်နေတဲ့ အရေးကြီးတဲ့အချိန်အတွင်း ကျရောက်နေတာပါ။
ကိယက်ဗ်မြို့လယ်က ဒေသခံတွေကတော့ ပျက်စီးနေတဲ့ ရုရှားစစ်လက်နက်ပစ္စည်းတွေကို ခင်းကျင်းပြသထားတာဟာ ယူကရိန်းနိုင်ငံသားတွေရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ကို မြှင့်တင်ပေးမယ်လို့ မျှော်လင့်ထားလို့ ကြိုက်နှစ်သက်တယ်လို့ ပြောခဲ့ကြပါတယ်။
တချို့ကတော့ ဒီအခင်းအကျင်းဟာ ဆိုးရွားတဲ့စစ်ပွဲရဲ့ ထိတ်လန့် နာကျင်စရာ သတိပေးချက်အဖြစ် ရှုမြင်ကြပါတယ်။
Source - Reuters