Home
မြန်မာသတင်း
မိုးကောင်းတွင် စစ်တပ်က လူငယ် ၄ ဦးကို ဖမ်းဆီး၊ ဗန်းမော်၌ လုံခြုံရေးတင်းကျပ် ပိတ်ဆို့ထား
DVB
·
August 22, 2023

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီတပ်က ကားတစီး  ပစ်ခတ်ခံရပြီးနောက် ဒေသခံ လူငယ်လေးယောက် ထက်မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်စွာချထားပြီး အိုးတန်းရပ်ကွက်မှာ နေထိုင်တဲ့ လူငယ် လေးယောက်ကို  သြဂုတ် ၂၀ ရက်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

အိုးဘိုရပ်ကွက်မှာနေထိုင်သူ အမျိုးသားတဦးက “စစ်ကားအပစ်ခံရပြီးမှာ ရပ်ကွက်ထဲက ကလေးတွေကို လာဖမ်းသွားတယ်။ ၂၀ ရက်နေ့က ဖမ်းသွားတာ။ မိသားစုနဲ့လည်း တွေ့ခွင့်မရသလို ဘယ်ဖမ်းသွားမှန်းလဲမသိဘူး။ ဒီ လူငယ် လေးယောက်ကတော့ ကျနော်သိသလောက်နော်၊ တခြားရပ်ကွက်တွေမှာကော လူငယ်တွေ အဖမ်းခံရလားတော့ ကျနော်လည်း တိတိကျကျမသိဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အိုးတန်းရပ်ကွက်မှာရှိတဲ့ အသက် ၁၈ နှစ်နဲ့ အသက် ၂၀ ပတ်ဝန်းကျင်ရှိ လူငယ်လေးဦးကို ဖမ်းဆီးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းအနီးမှာ ကျောင်းကြိုပို့ စစ်ကားတစီး ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ယောက် သေဆုံးပြီး နောက်ပိုင်း မြို့တွင်းလုံခြုံရေး တင်းကျပ်ထားပြီး ဒေသခံလူငယ်တွေကို လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့မှာလည်း စစ်လက်နက်ရိက္ခာတင်သင်္ဘော ဆိုက်ကပ်ပြီးနောက် စစ်ကောင်စီတပ်က မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထားပါတယ်။

မန္တလေးမြို့ကနေ လာတဲ့ စစ်လက်နက်နဲ့ ရိက္ခာပစ္စည်း တင်ဆောင်လါတဲ့ စစ်သင်္ဘော ၉ စီးဟာ သြဂုတ် ၁၉ ရက်က ဗန်းမော်မြို့ကို  ဆိုက်ကပ်ထားပြီးနောက် မြို့တွင်းမြို့ပြင် သွားလာခွင့် တင်းကျပ်ထားတာလို့ ဒေသခံတွေဆီက သိရပါတယ်။

မြို့ခံ အမျိုးသားတဦးက "မြို့အဝင်အထွက် ဂိတ်တွေကို စစ်တပ်က ပိတ်လိုက်တယ်။ ကမ်းနားလမ်းဘက်ကိုလည်း ပိတ်ထားတယ်။ ကမ်းနားက ဈေးဆိုင်တွေလည်း မထွက်ရဘူး။ မြို့ထဲ အကြောင်းကိစ္စ ရှိလို့ ဟိုနားဒီနားသွားရင်တောင် ဆိုင်ကယ်နဲ့ ဖုန်းတွေ စစ်ဆေးခံရတယ် ဆိုတော့ ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး"လို့ ပြောပါတယ်။

ဗန်းမော်မြို့မှာ စစ်သင်္ဘော စတင်ဆိုက်ကပ်တဲ့ သြဂုတ် ၁၉ ရက် ကလည်း မြို့တွင်းမှာ လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေးဖို့တားဆီးတာကို ရပ်မပေးတဲ့ ဆိုင်ကယ်တစ်စီးကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

စစ်သင်္ဘာ ၉ စီးဟာ  ဇူလိုင် ၂၉ ရက်က စတင်ကာ မန္တလေး ဂေါဝန် ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး  သြဂုတ် ၇ ရက်မှာ ရွှေကူဆိပ်ကမ်းမှာ ရပ်နားခဲ့ပါတယ်။ သြဂုတ် ၁၆ ရက်မှာ ဗန်းမော်မြို့ဘက်ကို ဆန်တက်လာစဉ် ဝက်မကျေးရွာအနီးမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့လို့  သင်္ဘော နှစ်စီးထိမှန်ခဲ့ပါသေး တယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024