ပြည်ပမှာတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းမြေပေါ် ပြန်ခြေချခဲ့ပြီး သူ့မဟာမိတ်တွေ အစိုးရဖွဲ့ဖို့ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်တာမလုပ်မီ နာရီပိုင်းအလိုမှာ အကျဉ်းထောင်ထဲ ရောက်ရှိသွားပါတယ်။
သက်ဆင်ဟာ အာဏာအလွဲသုံးစားလုပ်မှုနဲ့ စစ်တပ်က ဖြုတ်ချပြီး ၂ နှစ်အကြာ အကျဉ်းချမခံရမီ လွန်ခဲ့တဲ့ ၁၅ နှစ်က ပြည်ပကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်ကို သူက ငြင်းထားပါတယ်။
အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်က ကိုယ်ပိုင် ဂျက်လေယာဉ် ဆိုက်ရောက်ရာ နေရာမှာ မိသားစုဝင်တွေနဲ့အတူ ရောက်ရှိခဲ့ပြီး ရာနဲ့ချီတဲ့ ထောက်ခံသူတွေကို ပြုံးပြနှုတ်ဆက်အပြီးမှာ ရဲကားတွေခြံရံပြီး သူ့ကို တရားရုံးဆီ ပို့ခဲ့တာပါ။
အဲဒီနောက် ထောင်ဒဏ် ၈ နှစ် ကျခံရမယ်လို့ တရားရုံးက ပြောအပြီး သူ့ကို အကျဉ်းထောင်ဆီ ခေါ်သွားခဲ့ပါတယ်။
အနက်ရောင်ဝတ်စုံ၊ လည်စည်းအနီနဲ့ အဝါရောင် တော်ဝင်တံဆိပ် ရင်ထိုးကို ကုတ်အင်္ကျီ ရင်အုပ်နားမှာ ဝတ်ဆင်ထားတဲ့ သက်ဆင်ဟာ လေဆိပ်က ထွက်လာချိန်မှာ ဘုရင်နဲ့ မိဖုရားပုံတူရှေ့မှာ ထိုင်းအစဉ်အလာ ဂါရဝသင်္ကေတအဖြစ် လက်အုပ်ချီ ဦးညွှတ် နှုတ်ဆက်ခဲ့ပါတယ်။
Source - Reuters