ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးဝင်းမှာ သြဂုတ် ၂၁ ရက် နေ့လယ် ၁၂ နာရီက ဖမ်းမိတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး ကတ်တဖင်း(K) နဲ့ အက်တစီ (E) အထုပ်ရေ ၂၀၀ ကို စစ်ကောင်စီတပ်က ယူဆောင်သွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူထံက သိရပါတယ်။
မနေ့ နေ့လယ် ၁၂ နာရီက အောင်မင်္ဂလာအဝေးပြေးဝင်း ယာဥ်ရပ်နားစခန်းရှိ ရွှေဝယ်မင်းဂိတ်မှာ ဒယ်လီသမားလာပို့တဲ့ စက္ကူချပ်ဖာအတွင်းက ကတ်တမင်း(K) နဲ့ အက်တစီ(E) အထုပ်တွေကို တွေ့ရှိခဲ့ပြီး ယာဥ်ရပ်နားစခန်း တာဝန်ရှိသူတွေက စစ်ကောင်စီတပ်နဲ့ ရဲတွေကို အကြောင်းကြားခဲ့ရာ လာရောက်သိမ်းဆည်းသွားတာလို့ အဝေးပြေးဝင်းအတွင်း နေထိုင်သူတဦးက ပြောပါတယ်။
“ကတ်တမင်းတွေက အထုပ်ရေ ၉၀ ကျော် ၁၀၀ နီးပါးရှိတယ်။ E ကလည်း အထုပ် ၁၀၀ နီးပါး ရှိတယ်။ ရဲတွေက တန်ဖိုးကို သိန်း ၁၀၀ တောင်မရှိဘူးလို့ ပြောတယ်။ လာပို့တဲ့သူကို မစုံစမ်းဘဲ ပိုင်ရှင်မဲ့လုပ်ပြီး ရဲစခန်းယူသွားတယ်။”
အမျိုးသားတယောက်နာမည်နဲ့ ဒယ်လီအမျိုးသမီးတယောက် လာပို့တဲ့ စက္ကူချပ်ဖာကို မသင်္ကာလို့ ရဲကိုအကြောင်းကြားရာက ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိမှု စာရင်းသွင်းလိုက်တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“နာမည်ပါတယ်၊ ဖုန်းနံပါတ်ပါတယ်၊ အဲ့ဒါကို မဆက်ဘဲ အဝေးပြေးထဲမှာ စစ်နေတယ်။ ပြီးတော့ ပိုင်ရှင်မဲ့ဖမ်းမိတယ်ဆိုပြီး ရဲတွေက ယူသွားတယ်။ ပစ္စည်းတန်ဖိုးက သူတို့သတ်မှတ်တာ၊ ဒါတောင် ယူဆရသောလို့ ရှာဖွေပုံစံမှာ ထည့်ရေးတာ။”
လတ်တလောမှာ အဆိုပါ မူးယစ်ဆေးဝါး ကတ်တဖင်း(K) အဖြူရောင် ၁၃ ထုပ်၊ ပန်းရောင် ၈၇ ထုပ်နဲ့ အက်တစီအထုပ် ၁၀၀ ကို ပိုင်ရှင်မဲ့အဖြစ်သတ်မှတ်ကာ ယူဆောင်သွားပြီး နောက်ဆက်တွဲ အခြေအနေကို မသိရဘူးလို့ အဝေးပြေးဝင်းအတွင်း နေထိုင်သူတွေဆီက သိရပါတယ်။