ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်းလေးလွှာမှ အမျိုးသားတဦး ပြုတ်ကျ သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီခွဲက မီးစက်ပြောင်းရွှေ့တဲ့ အလုပ်သမားတယောက်ဟာ လေးလွှာလှေကားမှ နောက်ပြန်ပြုတ်ကျခဲ့တာလို့ စျေးဟောင်းအတွင်းနေထိုင်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"လေးလွှာမှာ မီးစက်ရွှေ့နေရင်း လှေကားအနောက်ကနေ ပြုတ်ကျတာ၊ အဲ့မှာ အပေါက်ရှိမှန်း မသိဘူးနဲ့ တူတယ်၊ အသက် ၆၀ နီးပါးလောက်ရှိပြီ။"
အဆိုပါအမျိုးသားအောက်ကို ပြုတ်ကျပြီးနောက် ဦးခေါင်းနဲ့ခြေထောက်မှာ ထိခိုက်ဒဏ်ရာရရှိကာ အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပြီး စျေးမှာရှိတဲ့သူတွေက အားမန်လူငယ်ပရဟိတအသင်းကို ဖုန်းဆက်အကြောင်းကြားကာ ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ် Dead Body ကို၊ နာမည်က ဦးသိန်းအေးလို့ခေါ်တယ်၊ ပစွည်းပြောင်းရွှေ့ပေးတဲ့သူတွေ၊ အသက်က ၅၈ နှစ်ရှိပြီ။"
ရန်ကုန်မြို့တော်စည်ပင်က သီရိမင်္ဂလာစျေးဟောင်းကို အန္တရာယ်ရှိတဲ့ အဆောက်အဦ သတ်မှတ်ကာ အဲ့မှာနေထိုင်သူတွေကို ပြောင်းရွှေ့ပေးဖို့ သြဂုတ် ၁၀ ရက်က စာထုတ်ခဲ့ပါသေးတယ်။
ဒါ့အပြင် သီရိမင်္ဂလာစျေးဟောင်း ၅ ထပ် RC အဆောက်အအုံကို ဖြိုဖျက်ရောင်းချမှုတွေ ပြုလုပ်ဖို့ ရန်ကုန်မြို့တော်စည်ပင်က လုပ်ငန်းလုပ်ကိုင်လိုသူတွေကို တင်ဒါဖိတ်ခေါ်ထားပါတယ်။