အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ သြဂုတ် ၂၀ ရက်က အပူပိုင်းမုန်တိုင်း ဟီလာရီ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
ဒီမုန်တိုင်းကြောင့် မက္ကဆီကိုနိုင်ငံရဲ့ ဘာဟာ ကယ်လီဖိုးနီးယားကျွန်းဆွယ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ကပ်ဘေးသင့် ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက သတိပေးထားပါတယ်။
ကယ်လီဖိုးနီးယား တောင်ပိုင်းဒေသ အများစုမှာ ပြည်နယ်အုပ်ချုပ်ရေးဖြစ်တဲ့ ဂါဗင် နယူဆမ် က အရေးပေါ်အခြေအနေတရပ် ကြေညာထားတယ်လို့ ဆိုပါတယ်။
မိုးခေါင်ရေရှားမှု ပိုမိုဖြစ်ပွားလေ့ရှိတဲ့ အဲ့ဒီဒေသတခုလုံးမှာ ရုတ်တရက် ရေကြီးနိုင်တဲ့ သတိပေးချက်တွေ ရှိနေပါတယ်။
ဒါ့အပြင် ဆန်ဒီယေးဂိုး၊ လက်စ်ဗီးဂတ်စ်နဲ့ လော့စ်အိန်ဂျလိစ် စတဲ့မြို့တွေမှာလည်း လေကြောင်းခရီးစဉ် ရာပေါင်းများစွာကို ဖျက်သိမ်းခဲ့ရတဲ့အပြင် ပရော်ဖက်ရှင်နယ် အားကစားပွဲတွေကိုပါ အချိန်ရွှေ့ဆိုင်းထားတယ်လို့ ဆိုပါတယ်။
လော့စ်အိန်ဂျလိစ်နဲ့ ဆန်ဒီယေးဂိုးမြို့တို့ရဲ့ ကျောင်းပေါင်းစုံ စီရင်စုတွေမှာတော့ တရက်တာ အတန်းပိတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
တောင်တန်းနဲ့ ကန္တာရတွေ တည်ရှိရာ ကယ်လီဖိုးနီးယားတောင်ပိုင်း အနှံ့အပြားမှာ တနှစ်စာပမာဏရှိတဲ့ မိုးရေချိန်ကို တရက်တည်းနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တချို့နေရာတွေမှာ လေဆင်နှာမောင်း တိုက်ခတ်မှုတွေပါ ဖြစ်ပေါ်နိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။
Source - Reuters