Home
ဆောင်းပါး
နွေဦးပြည်သူတို့ရဲ့ ကျန်းမာရေးခုခံအားအတွက် လက်လှမ်းမီဆေးပညာ
DVB
·
August 21, 2023

ပြည်သူလူထုတရပ်လုံးရဲ့ နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးခုခံအားကြောင့်သာ အဆင့်ဆင့် ချီတက်ရင်း တဆင့်တဆင့် မြင့်တက်လာခဲ့သည်မှာ အခုဆိုရင် တိုက်စစ် ထိုးစစ်ကာလသို့  ချဉ်းနင်းဝင်ရောက်လာသည်ကို မျက်ဝါးထင်ထင် တွေ့လာနေကြရပြီ ဖြစ်ပါတယ်။

တချိန်က လက်နက်မဲ့ပြည်သူတွေအပေါ် အားရပါးရ အနိုင်ကျင့်ဗိုလ်ကျ နှိပ်စက်ခဲ့တဲ့ စစ်မိစ္ဆာအပေါင်းအပါတို့သည်ပင် ယနေ့အချိန်မှာ သူတို့ ခြေချစရာနေရာ အတော်ကျဉ်းမြောင်း လာသည်ကို သတိထားမိလာနေကြပြီ ဖြစ်တဲ့အပြင် ပြည်သူတွေရဲ့ တန်ပြန်ထိုးစစ်ကို ကြောက်ရွံ့တုန်လှုပ်နေကြရပြီဖြစ်တယ် ဆိုတာ မငြင်းနိုင်ကြတော့ပြီ။

မည်သို့ပင်ဆိုစေ ခုခံစစ် စနစ်တခုရဲ့ အစမှသည် တိုက်စစ် ထိုးစစ် ဆီသို့ တက်လှမ်းကြရသည်မှာ သီအိုရီတခုဖြစ်ကြောင်း လက်တွေ့ကျကျ သိနိုင်ပါတယ်။ ဒါ့ကြောင့် ခုခံစနစ်တခုသည် တော်လှန်ရေးရဲ့ အသွင်ပြောင်းခြင်းဆိုင်ရာ အရေးအပါဆုံး အခြေခံ အခန်းကဏ္ဍကြီးတရပ် ဖြစ်ကြောင်း သက်သေတည်ခဲ့ပါပြီ။

ထိုကဲ့သို့ပင် တော်လှန်ရေးရပ်ဝန်းမှ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိစ္စမှာလည်း ရောဂါဘယများ ဝင်ရောက်လာပါက ကာကွယ်တိုက်ခိုက်နိုင်ဖို့ မိမိတို့ရဲ့ ကိုယ်တွင်းခုခံအားစနစ်ဟာ အခရာကျလှပါတယ်။ ဒါကြောင့် ကိုယ်တွင်း ခုခံအားစနစ် ကောင်းမွန်ရန်နဲ့ ခုခံအားစနစ် မြင့်တက်ရန် အလေးဂရုပြု ဆောင်ရွက်ကြဖို့ မိမိကိုယ်တိုင် ပါဝင်ကြရတော့မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ အနည်းငယ်တင်ပြချင်တာက “ကျန်းမာရေးဟူသည် Physical & Mental ကိုယ်ရောစိတ်ပါ နှစ်ခုလုံး ကျန်းမာခြင်း” ကို ဆိုလိုပါတယ်။ ဒါ့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ခုခံအားစနစ်ကို အကျဉ်းမျှ တင်ပြလိုပါတယ်။

စိတ်ပိုင်းဆိုင်ရာ ခုခံအားမြှင့်တင်ဖို့

ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားရှိခြင်း / လေ့ကျင့်ခြင်း

မှန်ကန်တဲ့ အသိတရား ရှာဖွေခြင်း / ဖြည့်ဆည်းခြင်း

အများအကျိုးကို ရှေ့ရှုတဲ့ ဆုံးဖြတ်ချက်ချမှတ်ခြင်း

အရာရာမှာ ကိုယ်ချင်းစာတရားထားရှိခြင်း

အများကောင်းကျိုး သယ်ပိုးထမ်းရွက်လိုခြင်း

မွန်မြတ်တဲ့ အနာဂတ် မျှော်လင့်ချက်များရှိခြင်း

စတဲ့ အခြေခံ လူ့သားဆိုင်ရာကျင့်ဝတ်တွေကို လေးစားလိုက်နာ ကျင့်သုံးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ခုခံအား အရည်အသွေးကို မြင့်တက်စေပြီး လောကဓံထိုးစစ်တွေကို ခုခံတိုက်ခိုက်နိုင်တဲ့ စွမ်းအားတွေကို ရရှိစေနိုင်ပါတယ်။

(စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အကျဉ်းသဘော တင်ပြခြင်းဖြစ်ပါတယ်။ အလျဉ်းသင့်တဲ့အခါ အကျယ်ရေးပါဦးမယ်။)

အခုတင်ပြမယ့် မကြောင်းအရာတွေကတော့ ကိုယ်ခန္ဓာရုပ်ပိုင်းဆိုင်ရာ ကိုယ်တွင်း ခုခံအားစနစ် မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ ဆိုခဲ့ပြီးတဲ့အတိုင်း ကိုယ်တွင်း ခုခံအားစနစ် ကောင်းမွန်ခြင်းဟာ ကျရောက်လာတဲ့‌ ရောဂါတွေကို ကာကွယ်တားဆီးနိုင်စွမ်းနဲ့ ရောဂါတွေ ကျရောက်လာတဲ့‌အခါ တိုက်ခိုက်ရှင်းလင်းနိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ကိုယ်တွင်းခုခံအားစနစ် ကောင်းမွန်ရေးအတွက် အမြဲတစေ စောင့်ကြပ် လေ့ကျင့်ပေးခြင်းကို မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ကြရပါမယ်။

ကိုယ်တွင်းခုခံအားစနစ် ကောင်းမွန်ရေးအတွက် လိုက်နာဆောင်ရွက်ဖို့တွေကို မျှဝေတင်ပြပါမယ်။

  • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ဆောင်ရွက်ပါ၊
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရများ စားသောက်ပါ၊
  • တကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ၊
  • အရက်သေစာတွေကို အလွန်အကျူး သောက်စားခြင်း မပြုလုပ်ပါနှင့်၊
  • ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ရှောင်ကြဉ်ပါ၊
  • အစာကြေရန်ခက်ခဲတဲ့ အစားအစာများ အလွန်အကျူး စားသောက်ခြင်း မပြုလုပ်ပါနှင့်၊

ဆက်လက်ပြီး အစာလည်းဆေး ဆေးလည်းအစာဖြစ်တဲ့ ကိုယ်တွင်းခုခံအားကို ကောင်းမွန်စေတဲ့ လက်လှမ်းတမီ အစားအစာ ဓာတ်စာတွေနဲ့ စားသောက်ပုံတွေကို တင်ပြပါမယ်။

ပုံမှန်ကျန်းမာသူများအတွက်

- နနွင်း(ဆနွင်း)မှုန့် ကော်ဖီ ၁ ဇွန်းကို နှမ်းဆီ ကော်ဖီ ၁ ဇွန်းနဲ့ ဖျော်ပြီး တပတ်ကို အနည်းဆုံး ၃ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။

- ကြက်သွန်ဖြူဖြစ်စေ ကြက်သွန်နီဖြစ်စေ အနေတော် ၁ လုံးကို တနေ့တကြိမ် တို့မြှုပ်ပြီး တပတ်ကို ၅ ရက်ခန့် စားသောက်ပေးပါ။

- ချင်း(ဂျင်း)မှုန့် ကော်ဖီ ၁ ဇွန်း (သို့မဟုတ်) ချင်း(ဂျင်း)ရေနွေးအကြမ်းပန်းကန် ၁ ခွက် နေ့စဉ် သောက်ပေးနိုင်ပါတယ်။

- နှမ်းစေ့ ဟင်းစားဇွန်း ၁ ဇွန်း (သို့မဟုတ်) နှမ်းဆီ ကော်ဖီ ၁ ဇွန်းကို တပတ် ၅ ရက်ခန့် စားသောက်ပေးနိုင်ပါတယ်။

- သင်္ဘောရွက်ကို ရေနွေးကြမ်းမှာခတ်ပြီးလည်း တနေ့ ၂ ကြိမ်ခန့် နေ့စဉ် သောက်သုံးပေးနိုင်ပါတယ်။

- ရဲယိုရွက်ကို ရေနွေးကြမ်းမှာ ခတ်ပြီးလည်း တနေ့ ၂ ကြိမ်ခန့် နေ့စဉ် သောက်သုံးပေးနိုင်ပါတယ်။

- ဆင်တုံးမနွယ်မှုန့် ကော်ဖီ ၁ ဇွန်း (သို့မဟုတ်) ဆင်တုံးမနွယ် ပြုတ်ရေ/စိမ်ရေ ရေနွေးကြမ်း ပန်းကန် ၁ ခွက်ကို တပတ် ၅ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

- တမာရွက်မှုန့် ကော်ဖီ ၁ ဇွန်း (သို့မဟုတ်) တမာရွက်ရေနွေးကြမ်း ၁ ခွက်ကို တပတ် ၅ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

- ဆီးဖြူသီးရင့်ရင့် အစိမ်း ၃ လုံးခန့်ဖြစ်စေ အခြောက်မှုန့် ကော်ဖီ ၁ ဇွန်းဖြစ်စေ တနေ့ ၁ ကြိမ် ၁ ပတ်မှာ ၅ ရက်ခန့် စားသောက်ပေးနိုင်ပါတယ်။

- ဖန်ခါးသီးရင့်ရင့် အစိမ်း ၃ လုံးခန့်ဖြစ်စေ အခြောက်မှုန့် ကော်ဖီ ၁ ဇွန်းဖြစ်စေ တနေ့ ၁ ကြိမ် ၁ ပတ်မှာ ၅ ရက်ခန့် သောက်ပေးနိုင်ပါတယ်။ ဖန်ခါးသီးအရင့်ကို နွားကျင်ငယ်ရေ (နွားသေး) နဲ့ ၄၅ ရက်စိမ်ပြီး မနက် ၁ လုံး ည ၁ လုံး အစာမစားမီ နာရီဝက်မှာ သုံးဆောင်နိုင်ပါတယ်။

- လက်ဖက်စိမ်းရေနွေးကြမ်းကိုလည်း တနေ့ ၂ ကြိမ်ခန့် နေ့စဉ် သောက်သုံးပေးနိုင်ပါတယ်။

- ပင်စိမ်းရွက် ၄-၅ ရွက်ကို ရေနွေးကြမ်းတခွက်စာ ရေနွေးပူမှာ ၃ မိနစ်ခန့်စိမ်ပြီး တနေ့ ၂ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။

စသဖြင့် မိမိနဲ့ လက်လှမ်းတမီ အဆင်ပြေရာ ဆေးဝါး ဓာတ်စာ တမျိုးမျိုးကို ရယူ သုံးဆောင်မှီဝဲပြီး ကိုယ်တွင်းခုခံအားစနစ်ကို မြှင့်တင်နိုင်ပါတယ်။

တော်လှန်ရေးခရီးစဉ်မှာ ကျရာတာဝန်ကိုထမ်းပြီး အာဏာရှင် အမွေဆိုးကို မိမိတို့မျိုးဆက်မှာ အပြီးတိုင် အမြစ်ဖြတ်ပြီး အနာဂတ်မျိုးဆက်တွေအတွက် ကောင်းမွန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပေးအပ်နိုင်ဖို့ ညီညီညွတ်ညွတ် အတူတကွ လက်တွဲလျှောက်လှမ်းရင်း ခရီးဆုံးပန်းတိုင်ဆီ ချီတက်နိုင်ဖို့ ကျန်းမာရေးခုခံစွမ်းအား မြှင့်တင်ကြဖို့ အားပေးမျှဝေလိုက်ပါတယ်။

နောက်ထပ်လည်း တော်လှန်ရေးနယ်ပယ်အားလုံးရဲ့ ကျန်းမာရေးကွက်လပ်အတွက် လက်လှမ်းမီ ဆေးပညာကို အခွင့်အရေးရှိသမျှ ဆက်လက်မျှ‌‌ဝေသွားပါဦးမယ်။

တော်လှန်ရေးဓမ္မဘက်တော်သားများအားလုံး အခက်အခဲဟူသမျှ ကျန်းမာစွာ ကျော်ဖြတ်နိုင်ပြီး ပန်းတိုင်မှာ အားလုံးအတူ ပြန်ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။   ။

သာဇဏ်

သာဇဏ် - CDM တိုင်းရင်းဆေးပညာရှင် ကျန်းမာရေးဝန်ထမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024