နိုင်ဂျာနိုင်ငံ နီယမ်မေမြို့တော်မှာ အဖြုတ်ချခံသမ္မတ မိုဟာမတ် ဘဇွန်းမ်နဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အပ်ဒူရာမာနေး တီယာနီတို့ကို ဒေသဆိုင်ရာအစုအဖွဲ့ ECOWAS ရဲ့ ကိုယ်စားလှယ်အဖွဲ့က သြဂုတ် ၁၉ ရက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
အနောက်အာဖရိကဒေသရဲ့ အဓိကအစုအဖွဲ့ဖြစ်တဲ့ ECOWAS ဟာ ဇူလိုင်လ ၂၆ အာဏာသိမ်းမှုဖြစ်ရပ်ကို နောက်ပြန်လှန်နိုင်ဖို့အတွက် သံတမန်ရေး နည်းလမ်းအတိုင်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အထူးတာဝန်နဲ့ရောက်လာခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့အပေါ် အာဏာသိမ်းခေါင်းဆောင်တွေရဲ့ လက်ခံ တွေ့ဆုံမှုက ညှိနှိုင်းဆွေးနွေးလိုတဲ့ အလားအလားကို အချက်ပြနေတာ ဖြစ်ပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့က နိုင်ဂျာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် နောက်ဆုံးနည်းလမ်း တစ်ခုအနေနဲ့ အင်အားသုံးနိုင်တယ်လို့ ဒေသတွင်း အစုအဖွဲ့က နောက်တစ်ကြိမ် ခြိမ်းခြောက်ထားတာပါ။
ECOWAS အဖွဲ့ဟာ သံတမန်ရေးနည်းလမ်းအတိုင်း မအောင်မြင်ဘူးဆိုရင် စစ်ရေးအရ ကြားဝင်စွက်ဖက်မယ့် ဖြစ်နိုင်ခြေအပေါ်မှာ သဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း D-Day နေ့ရက်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
အရင်က ECOWAS အဖွဲ့ရဲ့ မစ်ရှင်တွေအပေါ် ငြင်းဆန်ခဲ့ပေမယ့်လည်း စစ်အစိုးရခန့် ဝန်ကြီးချုပ်ကိုယ်တိုင်က နီယမ်မေမြို့ရဲ့ လေဆိပ်မှာ ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုခဲ့ပါတယ်။
ဒါ့အပြင် အာဏာပိုင်အဖြစ် မိမိဘာသာ ကြေညာထားတဲ့ စစ်ခေါင်းဆောင်တွေနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တစ်ဦးက မှတ်ချက်ပေးပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံရဲ့ စစ်တပ်ခေါင်းဆောင်ဟောင်း အပ်ဒူဆယ်လာမီ အဘူဘာကာနဲ့ ECOWAS ကော်မရှင်ဥက္ကဋ္ဌ အိုမာတော်ရေးတို့က ဒီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တာပါ။
Source-Reuters