စစ်ကိုင်းတိုင်း၊ ကလေးမြို့အနီး သာစည်ကျေးရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီပူးပေါင်းတပ်တွေက ဒီနေ့အထိ ၄ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး နေကြတယ်လို့ ဒေသခံတွေကပြောကြာပါတယ်။
ဩဂုတ် ၁၆ ရက်နေ့ကစတင်ပြီး ဒီနေ့ ၁၉ ရက် နေ့ခင်းပိုင်းအထိ စစ်ကောင်စီတပ်က သာစည်ရွာက ဒေသခံနေအိမ်တွေကို မီးရှို့နေတာပါ။
စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် သာစည်ရွာက ဒေသခံနေအိမ် ၅၀ ဝန်းကျင် မီးလောင်ဆုံးရှုံးနိုင်ကြောင်းဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပြီး ကျေးရွာတွင်းကို ပြန်လည်နေထိုင်ဝင်ရောက်နိုင်မှ အတိအကျကို သိရမှာလို့ သာစည် ဒေသခံတယောက်က ပြောပါတယ်။
"ရွာခံတွေအားလုံးကတော့ တိမ်းရှောင်နေကြတယ်။ တိုက်ပွဲကလည်း အခုထိဖြစ်တုန်း။ အရင်ကလည်းမီးရှို့ခံရပြီးပြီ။ မြင်ရသလောက်ဆို ၅၀ လောက်ရှိတော့မယ်"
သာစည်ကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ သာစည်ရွာအပါအဝင် ဇင်းကလင်းရွာ၊ ချင်းဆိုင်ရွာနဲ့ ရေလဲဦးရွာက ဒေသခံ ၄၀၀၀ ကျော်ဟာလည်း ကလေးမြို့ပေါ်နဲ့ ဘေးလွတ်ရာဒေသတွေမှာ တိမ်းရှောင်နေကြရတယ် လို့ပြောပါတယ်။
ဩဂုတ် ၁၅ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီက သာစည်ရွာကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ဓာတုလက်နက်ကြီးလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
ဇွန် ၂၅ ရက်နေ့ကလည်း စစ်ကောင်စီက သာစည်ကျေးရွာက ဒေသခံနေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။