Home
ဆောင်းပါး
ဓားပြသာလျှင် အမိ ဓားပြသာလျှင် အဖ - အကျိုးမဲ့စွာ အသက်တိုရမယ့်ဘဝများ
DVB
·
August 19, 2023

ဟိုးတချိန်တခါက နိုင်ငံလွတ်လပ်ရေးကို တိုက်ယူဖို့ ဖွဲ့စည်းခဲ့တဲ့ တပ်မတော်ဟာ အခုအချိန်မှာတော့ အခွင့်ထူးခံ စစ်ဗိုလ်ယုတ်တွေထံ သစ္စာခံပြီး ပြည်သူနဲ့ စစ်ခင်းနေတဲ့ အာဏာရှင် ခါးပိုက်‌ဆောင်တပ်ဟာ နိုင်ငံကို ရမ်းကားကြမ်းကြုတ်စွာ နင်း‌ခြေ ဖျက်ဆီးနေတဲ့ ခိုးဆိုးလုယက် မီးရှို့သတ်ဖြတ် စစ်ဓားပြတပ်အဖြစ် လုံးလုံးလျားလျား အသွင်ပြောင်းခဲ့ပြီမို့ မဝေးတော့တဲ့ ကာလတခုမှာ ရုပ်ဆိုးအကျည်းတန်စွာ နိဂုံးချုပ်ရမှာ ဖြစ်ပါတယ်။

ပြည်သူ့အကျိုးစီးပွားကို အမြဲဦးထိပ်ထားတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့ ဦးဆောင်တဲ့ခေတ် ဟိုးတုန်းကတော့ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ ဆောင်ပုဒ်ဟာ အခုချိန်မှာတော့ ကိုယ်ကျိုးစီးပွားကိုသာ အမြဲရှေ့တန်းထားတဲ့ စစ်မိစ္ဆာ လူဆိုးလူမိုက်တွေ အုပ်စီးတာ ခံခဲ့ရတာမို့ ဓားပြသာလျှင်အမိ ဓားပြသာလျှင်အဖ ဖြစ်ခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။

အရင်က “တိုက်ရင်း စည်းရုံး စည်းရုံးရင်း တိုက်” ဆိုတဲ့ ဆောင်ပုဒ်ဟာလည်း “တိုက်ရင်း လုယက်ခိုးဆိုး၊ ခိုးဆိုးလုယက်ရင်း တိုက်” အဖြစ်ကို ကျက်သရေမဲ့စွာ ပြောင်းလဲသွားခဲ့ရပါတယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတဲ့ ဆောင်ပုဒ်ဟာလည်း ဇောက်ထိုးမိုးမျှော်ဖြစ်လို့ တပ်မတော်အမည်ခံ စစ်ဓားပြတပ် အင်အားရှိရင် တိုင်းပြည်ဟာ မွမွကြေအောင် ဖျက်ဆီးခံရတယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြောင်းလဲသွားခဲ့ပါပြီ။

စစ်သည်တော်ကျင့်ဝတ်ထဲမှာလည်း ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ အဓိကကတော့ ရေလို လလို ဆက်ဆံရမယ်၊ မီးလို နေလို မကျင့်ရဘူးလို့ ဆိုခဲ့ပေမဲ့ အခု မင်းအောင်လှိုင် ဦးစီးတဲ့ ဓားပြတပ်ဟာ ပြည်သူ့ရိက္ခာကိုယူပြီး ပြည်သူလူထုကို မီးလို နေလို ကျင့်ရုံသာမက အငြိုးကြီးစွာ ရန်သူလို ချေမှုန်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

နောက်ပြီး စစ်ဗိုလ်စစ်သားတွေ သင်တန်းတက် လေ့ကျင့်ရေးဆင်းတဲ့အခါ သံပြိုင်အော်ကြရတဲ့ ဆောင်ပုဒ်တွေဖြစ်တဲ့ “ဘာလုပ်နေလဲ လေ့ကျင့်နေတယ် - ဘာလုပ်ဖို့လဲ တိုက်ပွဲဝင်ဖို့ - ဘယ်သူ့အတွက်လဲ ပြည်သူ့အတွက်ပဲ” ဆိုတာလည်း “ဘာလုပ်နေလဲ လေ့ကျင့်နေတယ် - ဘာလုပ်ဖို့လဲ ဓားပြတိုက်ဖို့ မီးရှို့ဖို့ ဘယ်သူ့အတွက်လဲ မင်းအောင်လှိုင်နဲ့ ဗိုလ်ယုတ်ကြီးတွေအတွက်ပဲ” လို့ အဓိပ္ပာယ်ပြောင်းခဲ့ရတာ မဟုတ်လား။

ပေါ်ထွန်းလာစဉ်က ရည်ရွယ်ချက်နဲ့ လာခြင်းကောင်းခဲ့‌ပေမဲ့ မြန်မာစစ်တပ်ဟာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးတဲ့နောက် အာဏာရူးနေဝင်းလို စစ်ကြမ်းပိုး လူကြမ်းပိုးလက်အောက် ရောက်ခဲ့ရကတည်းက ဗီဇသန္ဓေဆိုး ကူးစက်ခံရပြီး သမိုင်းကြောင်း မကောင်းတော့တာ ဖြစ်တယ်။ ပထမဆုံး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ သေနတ်အားကိုးနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ ၃ ရပ်ကို လုယူခဲ့စဉ်မှာပဲ ကျောင်းသားပြည်သူတွေရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးခဲ့ကြပါတယ်။

စစ်အာဏာရှင် ခေတ်အဆက်ဆက်မှာ မတရားမှုကို ဆန့်ကျင်ကြတဲ့ လက်နက်မဲ့ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူလူထုနဲ့တကွ ကျောင်းသူ/ကျောင်းသားတွေကို မောင်းပြန်သေနတ်တွေနဲ့ ရက်ရက်စက်စက် သွေးချောင်းစီး သတ်ဖြတ်ခဲ့ကြတာမို့ တပ်မတော်အမည်နဲ့ လုံးဝမထိုက်တန်တော့ဘဲ မုဒိမ်း လူသတ် မီးရှို့ ဓားပြတပ်အသွင် လုံးလုံးပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ကျေးဇူးရှင် မိဘပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်စောင့်ရှောက်ရမယ့်အစား အများပြည်သူကို ရန်သူလိုသတ်မှတ်ပြီး ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ယူထားတဲ့ ဂျက်တိုက်လေယာဥ်၊ စစ်ရဟတ်ယာဉ်၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ မညှာမတာ သတ်ဖြတ်ညှဉ်းဆဲ မီးရှို့ဖျက်ဆီးလာတဲ့ စစ်ဓားပြတပ်ကို တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား ပြည်သူလူထု အများစုက တက်ညီလက်ညီ ထိထိရောက်ရောက် ဝိုင်းဝန်းဆန့်ကျင် ချေမှုန်းနေကြပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့လည်း သတင်းမီဒီယာ အွန်လိုင်းဂျာနယ်တွေ၊ လူမှုကွန်ရက်‌တွေ အင်တာနက် စာမျက်နှာတွေထက်က နေ့စဉ်သတင်းတွေမှာ စစ်အာဏာရှင် ခါးပိုက်ဆောင်တပ်တွေ စစ်မျက်နှာအသီးသီးမှာ ရှုံးနိမ့်လို့ တပ်စခန်းကုန်းတွေ စွန့်ခွာကြရတဲ့ သတင်းတွေ၊ စစ်ဓားပြတပ်သားတွေ သောက်သောက်လဲ သေကျေ ဒဏ်ရာရနေကြရတဲ့ သတင်းတွေ အဆက်မပြတ် ပါလာနေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်မှာ တောင်ငူကနေ သံတောင်ကြီးကို မောင်းနှင်လာတဲ့ စစ်ကား ၇ စီးပါ အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို People Defence Force Thandaung အဖွဲ့က တပြည့်ရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၂၀ ဦးကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်းမှာ “ဒုတိယအစီးကို မိုင်းစခွဲခဲ့ကြောင်း၊ မိုင်းကကွဲပြီးတဲ့နောက် ကားပေါ်ပါလာတဲ့ စစ်ကောင်စီ အကြမ်းဖက်တပ်သားတွေ ထွက်ကျပြီး လက်နက်တွေေရာ ကျည်ဘောက်ရော ကျည်ဆန်အကုန် ထွက်ကျကုန်တယ်” လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်သားတွေက စွန့်ခွာသွားပြီး ရှမ်းပြည်နယ်မှလာတဲ့ စစ်ကူ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ KA အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ထိုင်း-ကရင်နီနယ်စပ်၊ သံလွင်မြစ်အရှေ့ခြမ်းမှာရှိတဲ့ နယ်စပ်တပ်စခန်းနှစ်ခုဖြစ်တဲ့ ကျားပါးစပ်လေးနဲ့ ပွိုင့် ၂၉၅၇ စခန်းနှစ်ခုဟာ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ပိတ်ဆို့ခံရခြင်း၊ မကြာခဏ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း တို့ကြောင့် အကြမ်းဖက်စစ်သားတွေ စွန့်ခွာသွားရတာမို့ ဇွန်လ ၂၅ ရက်နေ့ကလည်း KA အမှတ် ၂ တပ်ရင်းက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာမှာ ၆၀ မမ ဗုံးသီး ၄၅ လုံး၊ RPG 7 ဗုံးသီး ၂၄ လုံး၊ MG ငါးကြင်းမြီး ကျည် ၄၃၆၉ တောင့်၊ MA ကျည် အတောင့် ၃၄၀၊ လက်ပစ်ဗုံး ၄ လုံးနဲ့ ၁၄ မိုင်း ၁၀ လုံးကို သိမ်းဆည်းရရှိခဲ့တဲ့ သတင်းလည်း ဖတ်ရပါတယ်။

ဇွန်လ ၃၀ ရက်နေ့က အကြမ်းဖက်စစ်တပ် ခမရ ၃၆၅၊ ခမရ ၃၆၆၊ ရဲနဲ့ ပျူစောထီး ပူးပေါင်း အခြေချတပ်စွဲထားတဲ့ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် တောင်အင်းကျေးရွာစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း ၂၊ တပ်ရင်းမှူး ဦးစီးပြီး ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးပြီး စိန်ပြောင်း ၂ လက် အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့တဲ့သတင်းကို ဖတ်ခဲ့ရပါတယ်။

နောက်သတင်းတပုဒ်က ဒီလ ဇူလိုင်လ ၅ ရက်နေ့တုန်းက စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာရှိတဲ့ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၁၉ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူတွေကို အရာတော်မြို့ဆေးရုံသို့ ပို့ဆောင်ထားရတဲ့ သတင်းကိုလည်း ဖတ်ခဲ့ရပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပြည်သူနဲ့ စစ်ဖြစ်နေရတဲ့ စစ်ဓားပြတပ်ဟာ ကျေဇူးရှင်ကို သစ္စာဖောက်လို့ အာဏာရှင် ဓားပြ သူခိုးအုပ်စုအပေါ်  အလုပ်အကျွေး ဆက်ပြုပြီး ကျေးဇူးကန်းနေကြတဲ့ အကုသိုလ် အပြစ်ဆိုးတွေနဲ့ ပြည်သူ့ကျိန်စာတွေ အကျိုးပေးချိန်‌ ကျရောက်လာတာကြောင့် နေ့စဉ်နဲ့အမျှ အတုံးအရုံး ကျဆုံးနေတာ မသိလို့ဖြစ်စေ၊ သိလျက်နဲ့ ရုန်းမထွက်နိုင်လို့ဖြစ်စေ၊ သိပါလျက်နဲ့ ဆင်ခြင်ဉာဏ်မွဲ၊ အကျင့်သီလ ယုတ်ညံ့ကဲတာမို့ ဆက်မိုက်မဲနေကြတဲ့ အကြမ်းဖက်မိစ္ဆာတပ်ထဲက စစ်ဗိုလ်စစ်သားတွေရဲ့ဘဝဟာ “ဓားပြသာလျှင်အမိ ဓားပြသာလျှင်အဖ” အဖြစ်ဆိုးက မလွတ်မြောက်နိုင်ဘဲ - အကျိုးမဲ့စွာ အချည်းအနှီး အသက်တိုရမယ့်ဘဝများကို ရင်ဆိုင်ကြရမှာ ဒီနေ့လား မနက်ဖြန်လားလို့ ပြောရလောက်တဲ့အချိန် ရောက်လာပြီ ဖြစ်လာပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024