ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ပုတ်ကျေးရွာကို သြဂုတ် ၁၈ မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ SNA (ရှမ်းနီ) ပြည်သူ့စစ်တပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၇ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန့်ပုတ်ကျေးရွာ ဈေးတန်းထဲကို လက်နက်ကြီး ၂ ချက်ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၇ ယောက် လက်နှက်ကြီးကျည်ထိမှန် ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
"တိုက်ပွဲဖြစ်နေတာတော့ မရှိဘူး။ အဲ့ဒါကို မနက် ၁၁ နာရီလောက်က လက်နက်ကြီးနဲ့ သူတို့တပ်စွဲထားတဲ့ နေရာကနေ လှမ်းပစ်တာ။ ဈေးထဲ လက်နက်ကြီးကျတယ်။ ထိခိုက်ဒဏ်ရာရသူ ၇ ယောက်ရှိတယ်" လို့ ပြောပါတယ်။
SNA ပြည်သူ့စစ်တပ်ဖွဲ့ဟာ သူတို့ တပ်စွဲထားတဲ့ သံယောဇဉ်ကုန်းကနေ ၆၀မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၅ ယောက်ဟာ ခန္ဓာကိုယ် အနှံ့အပြားမှာ လက်နက်ကြီးကျည် ထိမှန်ခဲ့တာပါ။
ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း PDF တပ်ဖွဲ့က ကသိုင်းတောင် စစ်ကောင်စီတပ်စခန်းနဲ့ SNA ပြည်သူ့စစ် ပူးပေါင်း တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသေးတယ်။
photo AHM