Home
ဆောင်းပါး
ဖွေ့ထိုင်းပါတီနဲ့ အစိုးရဖွဲ့ရေး စိန်ခေါ်ချက်များ
DVB
·
August 18, 2023

ထိုင်းရွေးကောက်ပွဲမှာ လူထုဆန္ဒမဲအများဆုံးရခဲ့တဲ့ MFP လိမ္မော်ရောင်ပါတီဟာ အစိုးရဖွဲ့ဖို့ကိစ္စ လက်လျှော့လိုက်ပြီးနောက် ဒုတိယမဲအများဆုံးရတဲ့ ဖွေ့ထိုင်းပါတီကို အစိုးရအဖွဲ့ဦးဆောင်ဖို့ တာဝန်လွှဲပြောင်းပေးခဲ့ပေမဲ့ အစိုးရအဖွဲ့သစ် မဖွဲ့နိုင်သေးဘဲ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

၈ ပါတီ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် ဖွေ့ထိုင်းပါတီအနေနဲ့ အထက်လွှတ်တော် အမတ်တွေ၊ တခြားပါတီတွေနဲ့ ညှိနှိုင်းပြီး အလျေှာ့အတင်းလုပ်ကာ အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်လို့ MFP ဘက်က မျှော်လင့်ထားခဲ့ပေမဲ့ နောက်ဆုံးတော့ ဖွေ့ထိုင်းပါတီက ၈ ပါတီ ညွန့်ပေါင်းအဖွဲ့က နုတ်ထွက်၊ MOU သဘောတူစာချုပ် ဖျက်သိမ်းပြီး MFP ပါတီ မပါတဲ့ အစိုးရဖွဲ့မယ်လို့ ကြေညာခဲ့ပါတယ်။

အထက်လွှတ်တော်အမတ်တွေနဲ့ တခြားပါတီတွေက ဖွေ့ထိုင်းပါတီအစိုးရထဲမှာ ပုဒ်မ ၁၁၂ (နန်းတွင်းဆိုင်ရာဥပဒေ) ပြင်မယ့် MFP ပါတီ ပါနေရင် မထောက်ခံဘူးလို့ ပြောတာကြောင့် ရှေ့ဆက်နိုင်ဖို့ ၈ ပါတီ ညွန့်ပေါင်းကနေ နုတ်ထွက်ရတာလို့ ဖွေ့ထိုင်းဘက်က အကြောင်းပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး MFP ပါတီပြောခွင့်ရ ရန်းဆီ မန်းရုန်းကတော့ “ဖွေ့ထိုင်းပါတီဟာ သူတို့ညှိနှိုင်းနေတဲ့ အခြေအနေတွေကို ညွန့်ပေါင်းအဖွဲ့ထဲမှာ up date အစည်းအဝေးလည်း မလုပ်၊ ဟိုဘက်က ဘာတွေဖြစ်စေချင်သလဲ၊ ဥပမာ ပုဒ်မ ၁၁၂ ပြင်မယ့်မူဝါဒ ဖြုတ်ပေးလို့ရမလား စတာတွေကို အသေးစိတ်မပြောဘဲ ဟိုဘက်က MFP ပါရင် လုံးဝမထောက်ခံဘူးလို့ ပြောပြီး လမ်းခွဲတယ်။ ဟိုဘက်က မထောက်ခံရင် ၈ ပါတီအနေနဲ့ မခွဲမခွာ ရှေ့ဆက် ဘာဆက်လုပ်သင့်သလဲ ဆိုတာလည်း မဆွေးနွေးခဲ့ဘူး” လို့ ပြောပါတယ်။

ဖွေ့ထိုင်းပါတီဟာ သူတို့နဲ့ တချိန်က မသင့်မြတ်ခဲ့တဲ့ ဖုမ်းကျိုင်းထိုင်းပါတီနဲ့ ကော်ဖီအတူသောက်ပြီး ဖက်လှဲတကင်းလုပ်နေတဲ့ ပုံတွေ တက်လာကတည်းက ဝေဖန်ခံနေရပြီး ညွန့်ပေါင်း ၈ ပါတီက ခွဲထွက်ကြောင်း ကြေညာတဲ့နေ့မှာတော့ ပါတီရုံးချုပ်ရှေ့မှာ ဆန္ဒပြမှုတွေ ခံခဲ့ရပါတယ်။

ဒါပေမဲ့ အစိုးရဖွဲ့တာ နှောင့်နှေးရင် တိုင်းပြည်စီးပွားရေးနဲ့ ပြည်သူ့အခက်အခဲတွေ ဖြေရှင်းပေးဖို့ နောက်ကျသွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွေ့ထိုင်းပါတီဟာ ကန့်ကွက်ခံနေရတဲ့ကြားထဲက ဖုမ်းကျိုင်းထိုင်းပါတီ အပါအဝင် စစ်အာဏာရှင်ပါတီဟောင်း တွေနဲ့ပါ ပြန်ပေါင်းဖို့ ကြိုးစားနေပါတယ်။

ရှပ်နီဆန္ဒပြခေါင်းဆောင်တဦး ဖြစ်ခဲ့တဲ့ နိုင်းကျတူးဖန်း ဖုန်းဖန်းကတော့ ဖွေ့ထိုင်းပါတီဟာ အစိုးရဖွဲ့ဖို့ အလျင်လိုနေတာဟာ ဝရမ်းပြေးဘဝနဲ့ ပြည်ပမှာ နှစ်ရှည်လများ တိမ်းရှောင်နေရတဲ့ ပါတီထူထောင်ခဲ့သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြည်တော်ပြန်ဖို့အရေးလည်း ပါတယ်လို့ ဆိုပါတယ်။

သက်ဆင်အနေနဲ့ ပြစ်ဒဏ်ခံယူမယ်ဆိုရင် တိုင်းပြည်ကို အချိန်မရွေး ပြန်လာလို့ရပါလျက်နဲ့ ဖွေ့ထိုင်းပါတီ ဝန်ကြီးချုပ်ရွေးပြီးလောက်တဲ့ အချိန်မှ ပြန်လာဖို့ နေ့ရွှေ့ညရွှေ့ လုပ်နေတာဟာ သူလို သန်းကြွယ်သူဌေးတယောက်၊ တချိန်က အာဏာလျှမ်းလျှမ်းတောက်ခဲ့သူတယောက် အနေနဲ့ ပြည်တော်ပြန်ခရီးမှာ မျက်နှာပန်းလှလှနဲ့ တင့်တယ်စွာပြန်လာဖို့ (ထောင်မကျဖို့) ဖြစ်တယ်လို့ ကျတူးဖန်းက ပြောပါတယ်။

ပြီးခဲ့တဲ့လ သူ့မွေးနေ့မှာလည်း စစ်တပ်၊ နိုင်ငံရေးပါတီ၊ စီးပွားရေးသမား စတဲ့လောကထဲက အရေးပါသူတွေတချို့နဲ့ ဟောင်ကောင်မှာ လျှို့ဝှက်တွေ့ဆုံပြီး အစိုးရဖွဲ့ရေး သဘောတူညီချက်တွေ ရခဲ့တယ်လို့ လွှတ်တော်အမတ်ဟောင်း ချူဝစ်ကမွန်ဝိဆစ်က သတင်းစာရှင်းလင်း ပြောခဲ့ပါတယ်။

ဒါကြောင့် ဖွေ့ထိုင်းပါတီဟာ အရှင်ပြည်တော်ပြန်ရဖို့၊ အာဏာရဖို့အတွက် MFP ကို သစ္စာဖောက်တယ်၊ ပြည်သူကိုပေးထားတဲ့ စစ်အာဏာရှင်ပါတီနဲ့ လုံးဝမပေါင်းဘူးဆိုတဲ့ ကတိကဝတ်ကို ဖောက်ဖျက်တယ်၊ ကိုယ်ကျိုးအတွက် ပြည်သူတွေရဲ့ မဲဆန္ဒကို ခုတုံးလုပ်တယ် ဆိုပြီး ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဖွေ့ထိုင်းပါတီဟာ ပါတီပေါင်း ၆ ခုနဲ့ ပူးပေါင်းလိုက်ပေမဲ့ လွှတ်တော်ဥပဒေမှာ သတ်မှတ်ထားတဲ့ ထောက်ခံမဲ ၃၇၆ မဲပြည့်မီဖို့ လိုအပ်နေသေးတာကြောင့် MFP ကို ဝန်ချတောင်းပန်ပြီး သူတို့အစိုးရဖြစ်ရေး ထောက်ခံမဲပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

MFP ပါတီကတော့ ပြည်သူတွေရဲ့ သဘောထားကို စစ်တမ်းကောက်ပြီးမှ အဖြေပေးမယ်လို့ ပြောခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်ကတော့ ဖွေ့ထိုင်းပါတီက အစိုးရဖွဲ့မယ့်လမ်းစဉ်ဟာ မဲဆန္ဒရှင်ပြည်သူ ၁၄ သန်းရဲ့ဆန္ဒနဲ့ မကိုက်ညီဘူး၊ ဖွေ့ထိုင်းပါတီဟာ စစ်အာဏာရှင်ပါတီ ဦးလေးကြီးတွေကို အားနာပေမဲ့ ပြည်သူတွေကို အားမနာဘူး၊ မဲဆွယ်စဉ်က အထက်လွှတ်တော်အမတ်အသံတွေ ပိတ်ပစ်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ တကယ်တမ်းတော့ MFP အသံကို ပိတ်ပစ်တယ်၊ ဒါကြောင့် သူတို့ပါတီအနေနဲ့ ထောက်ခံမဲ မပေးနိုင်ဘူးလို့ ကြေညာခဲ့ပါတယ်။

MFP ပါတီဆီက ထောက်ခံမဲမရတဲ့အတွက် သတ်မှတ်ထားတဲ့ မဲအရေအတွက် ပြည့်မီဖို့ ဖွေ့ထိုင်းပါတီဟာ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲကို ရကိုရမှဖြစ်မှာပါ။

အထက်လွှတ်တော်အမတ်တွေဘက်ကလည်း ဦးလေးကြီးပါတီတွေ အစိုးရအဖွဲ့ထဲပါလာမှ ထောက်ခံပေးမယ့် အခြေအနေ ရှိနေပါတယ်။

ဦးလေးကြီးပါတီလို့ တင်စားခေါ်ဝေါ်တဲ့ ဗိုလ်ချုပ်ကြီး ပရဝစ်ဝုန်းဆုဝမ်းရဲ့ ဖလန်းပချားရတ်ပါတီက ဖွေ့ထိုင်းပါတီကို အမတ် ၄၀ ဦးလုံး ထောက်ခံပေးမယ်လို့ ကြေညာထားသလို ဗိုလ်ချုပ်ကြီး ပရာယုဒ်ကျန်အိုးချားရဲ့ ရူမ်းထိုင်းဆန့်ချတ်ပါတီကလည်း သူတို့ပါတီ အမတ် ၃၆ ဦးလုံး ထောက်ခံပြီး အစိုးရအဖွဲ့ထဲ ပါဝင်မယ်လို့ ဩဂုတ် ၁၇ ရက် ညနေပိုင်းမှာ ကြေညာပါတယ်။

ဖွေ့ထိုင်းပါတီဘက်ကလည်း အရင်ဆန့်ကျင်ဘက်ပါတီတွေနဲ့ အခုလိုပူးပေါင်းရတာဟာ အရင်ကရှိခဲ့တဲ့ အာဃာတတွေ ဖျောက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ပေါင်းစည်း‌ကာ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့၊ တိုင်းပြည် ရှေ့ကို ခြေလှမ်းလှမ်းနိုင်ဖို့ ဖြစ်တယ်လို့ ပါတီဒုခေါင်းဆောင် နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းက ပြောပါတယ်။

လာမယ့် ဩဂုတ် ၂၂ ရက် တတိယအကြိမ် ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ပွဲမှာ ဖွေ့ထိုင်းပါတီ အတိုင်ပင်ခံဖြစ်တဲ့ ခွန်ဆေထာထဝီးဆင်ကို အဆိုတင်သွင်းပြီး ထောက်ခံမဲ အပြည့်အဝရမယ်လို့ ယုံကြည်တယ်လို့ နိုင်းဖုမ်းထမ်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ ခွန်ဆေထာ ထဝီးဆင်ဟာ သူ့ရဲ့ အိမ်ခြံမြေရောင်းဝယ်ရေး ကုမ္ပဏီကနေ အစိုးရကိုဆောင်ဖို့ အခွန်ငွေ ဘတ်သန်းပေါင်း ၅၅၀ ရှောင်ထားတယ်၊ သူ့ကုမ္ပဏီက အိမ်ဖော်နဲ့ လုံခြုံရေးအစောင့်နာမည်နဲ့ ဘတ်သန်းပေါင်း ၁,၀၀၀ ကျော်စီ ချေးငွေထုတ်ပြီး မြေကွက်ဝယ်တယ်၊ ပြည်သူပိုင်ငွေနဲ့ ငွေတိုးချစားတယ်၊ အခွန်ရှောင်မှု၊ ငွေကြေးခဝါချမှု၊ အမည်ခံဘဏ်စာရင်း အသုံးပြုခဲ့တယ်လို့ တရားမဝင် စီးပွားရေးနဲ့ လာဘ်စားမှု စုံစမ်းဖော်ထုတ်နေသူ နိုင်းချူဝစ် ကမွန် ဝိဆစ်က သတင်းစာရှင်းလင်း ဖော်ထုတ်ခဲ့သလို စစ်ဆေးအရေးယူဖို့လည်း ထိုင်းအမျိုးသားရဲချုပ်ထံ တိုင်ကြားခံထားရပါတယ်။

ခွန်ဆေထာနဲ့ ကုမ္ပဏီတာဝန်ရှိသူကတော့ ဒီကိစ္စမဟုတ်မမှန်ကြောင်း သူတို့ကိုယ်ပိုင် လူမှုကွန်ရက်ကနေ ပြန်လည်ဖြေရှင်းထားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်းကျတူးဖွန်းကတော့ နိုင်းချူဝစ်က ပြသတဲ့သက်သေတွေဟာ ခိုင်လုံတယ်လို့ ယူဆတယ်၊  မဟုတ်ဘူးဆိုရင် ခွန်ဆေထာအနေနဲ့ နိုင်းချူဝစ်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ဝန်ကြီးချုပ်ရွေးပွဲ မရောက်ခင် သက်သေတွေနဲ့ ပြန်ဖြေရှင်းသင့်တယ်၊ ဒီလိုမှမဟုတ်ရင် အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ်လည်း ၁ ကြိမ်ပဲ ရွေးခွင့်ရှိတယ်၊ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကို ပြန်ပြောင်းဖို့ရာမှာလည်း ဖဲထောင်းထန်း (သက်ဆင်သမီး) ဟာလည်း အိမ်ခြံမြေလုပ်ငန်းနဲ့ တခြားစီးပွား‌ရေးကုမ္ပဏီတွေ ထောင်ထားတော့ ခွန်ဆေထာလို အမှုတွေ တူးဆွတာခံရမယ်၊ ဝန်ကြီးချုပ် အရွေးခံရတာတောင် အတွေ့အကြုံမရှိလို့ သက်တမ်းရှည်မှာမဟုတ်၊ တိုင်းပြည်ကို မထိန်းသိမ်းနိုင်ရင် သူ့အဖေ (သက်ဆင်)၊ သူ့ဒေါ်လေး (ယဉ်လတ်) တို့လို ပြည်ပြေးဘဝ ရောက်သွားမယ်၊ နောက်ဝန်ကြီးချုပ်လောင်းအမည် တင်ထားတဲ့ ခွန်ချိုင်းကဆင်ဟာလည်း သူတရားရေးဝန်ကြီးဖြစ်စဉ်က သက်ဆင်ရဲ့အမှုကို အရေးမယူလို့ ပြဿနာဖြစ်ထားတာ ရှိတယ်၊ သူ့ရဲ့ကျန်းမာရေးလည်း မကောင်းဘူးလို့ ဆိုပါတယ်။

လာမယ့် ဩဂုတ် ၂၂ ရွေးကောက်တင်မြှောက်ပွဲမှာ ခွန်ဆေထာ ဝန်ကြီးချုပ်ရဖို့ မသေချာကြောင်း၊ ဒုတိယမဲများတဲ့ ပါတီက အစိုးရမဖွဲ့နိုင်ရင် တတိယမဲများတဲ့ ဖုမ်းကျိုင်းထိုင်းပါတီလက်ထဲ ရောက်သွားမယ်၊ ဖုမ်းကျိုင်းထိုင်းပါတီခေါင်းဆောင် အနုထင်းချန်းဝီရကွန်းကလည်း ဖလန်းပချားရတ်ပါတီ (ဗိုလ်ချုပ်ကြီး ပရဝစ် ဝုန်ဆုဝမ်း) ကို ထောက်ထားစရာရှိတယ်၊ ဒါကြောင့် နောက်ဆုံးတော့ ဝန်ကြီးချုပ်ထိုင်ခုံဟာ ဦးလေးကြီး ပရဝစ် ဝုန်ဆုဝမ်း လက်ထဲမှာ ပြီးသွားမယ်လို့ နိုင်းကျတူးဖွန်းက သုံးသပ်ပါတယ်။

ဖွေ့ထိုင်းပါတီဟာ လက်ရှိမှာ စစ်အာဏာရှင်အများစုပါတဲ့ အာဏာဟောင်းပါတီတွေနဲ့ ပေါင်းစည်းလိုက်တာကြောင့် ဝန်ကြီးနေရာ ခွဲဝေရေးအတွက်လည်း အကြိတ်အနယ် ညှိနှိုင်းနေရပါတယ်။

ဝန်ကြီးနေရာတွေ ခွဲဝေပြီးကာမှ ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်သင့်တယ်လို့ ဖုမ်းကျိုင်းထိုင်းပါတီနဲ့ ရုမ်းထိုင်းဆန့်ချတ်ပါတီက အတိအလင်း ပြောထားပါတယ်။

ဖွေ့ထိုင်းရဲ့ ရောသမမွှေပါတီ အစိုးရထဲမှာ ပါတီပေါင်း ၁၁ ပါတီ ပါဝင်ပြီး ထိုင်းအစိုးရအဖွဲ့ထဲမှာ ဝန်ကြီးနေရာပေါင်း ၃၅ နေရာရှိပါတယ်၊ လာရောက်ပူးပေါင်းတဲ့ ပါတီတိုင်းကို ဝန်ကြီးနေရာပေးရမယ့် အစဉ်အလာ ရှိတာကြောင့် အဆိုပါ ပါတီတွေကို ခွဲပေးရမှာမို့ ဖွေ့ထိုင်းအတွက် နေရာသိပ်မကျန်တော့ပါဘူး။

အရင်မဲဆွယ်စဉ်က စစ်အာဏာရှင်တွေနဲ့ လုံးဝမပေါင်းဘူး၊ ပါတီကပေါင်းရင် ကျနော် နုတ်ထွက်မယ်လို့ အတိအလင်း ကြေညာထားတဲ့ ဖွေ့ထိုင်းပါတီခေါင်းဆောင် ဒေါက်တာချွန်းလနန့် ဆီကယောက်ဟာလည်း မနေ့က စစ်အာဏာရှင်ဟောင်းပါတီဘက်က ဖွေ့ထိုင်းအစိုးရနဲ့ ပူးပေါင်းမယ်လို့ ကြေညာလိုက်တဲ့နောက်ပိုင်း လူမှုကွန်ရက်မှာ သူ့အမည်ကို hashtag တွဲပြီး ဘယ်နှစ်နာရီ နုတ်ထွက်မလဲဆိုတဲ့ မေးခွန်း အမေးခံရတာတွေ ပျံ့နှံ့နေပါတယ်။

ဖွေ့ထိုင်းပါတီဟာ အစိုးရဖြစ်ရေးအတွက် မိတ်ဆွေကောင်းလိုဖြစ်တဲ့ MFP ပါတီကို ဆုံးရှုံးခဲ့ရတယ်၊ သူ့ကို ကျောထောက်နောက်ခံပေးခဲ့တဲ့ ပြည်သူတွေ၊ ပါတီထောက်ခံသူတွေ ဆုံးရှုံးသွားရတယ်၊ ဝန်ကြီးနေရာတွေလည်း ဦးလေးကြီးပါတီတွေ ဦးစားပေးရတာနဲ့ လိုချင်သလောက်မရ၊ ဝန်ကြီးချုပ်နေရာလည်း မရေရာ မသေချာ၊ သစ္စာဖောက်အမည်ကလွဲလို့ ဘာမှမကျန်တော့ဘူး၊ ထိုင်းအစိုးရအဖွဲ့ဟာ အရင်ကအတိုင်း စစ်အာဏာရှင်ပါတီတွေ အကုန်ပြန်ပါလာပြီး ဖွေ့ထိုင်းပါတီတခု ထပ်တိုးလာတာပဲရှိတယ်၊ ဘာမှမပြောင်းလဲဘူးလို့ Krirk တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန ပါမောက္ခ ဒေါက်တာ နန်ထနာ နန်ထဝရိုဖတ်ခနပတီက  ချန်နယ်လ် ၇ ထိုင်းရုပ်သံသတင်းဌာနနဲ့ အင်တာဗျူးမှာ သုံးသပ်သွားပါတယ်။

နန်းမြနဒီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024