Home
မြန်မာသတင်း
ကရင်နီ စစ်​ရှောင်များကို ကုသပေးနေသည့် မူကယန်းဆေးခန်း၌ ဆေးဝါးများလိုအပ်နေ
DVB
·
August 18, 2023

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အခြေစိုက်၊ မူကယန်း လူမှုကူညီရေးအသင်း ဆေးခန်းမှာ သြဂုတ်လအတွင်း ဆေးကုသရတာ ပိုများပြားလာတာကြောင့် ဆေးဝါးတွေ လိုအပ်နေတယ်လို့ အသင်းတာဝန်ခံတယောက်က ပြောပါတယ်။

“ဆေးတော်တော်များများ ပြတ်နေတယ်ပေါ့နော်။ တုပ်ကွေးတို့ ဖျားနာဆေးတို့ တခြားဟာတွေကော အများကြီးလိုအပ်နေပါတယ်။ မိုးရာသီဆိုတော့ လူနာလည်း ပိုများလာတယ်။”

စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံတွေကို အဓိက ကျန်းမာရေးဝန်ဆောင်မှုပေးနေပြီး တလအတွင်း လူနာ ၁,၂၀၀ ကျော်ကို ကုသနေရတဲ့အတွက် ဆေးဝါးတွေ ပြန်လည်ဖြည့်တင်းဖို့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

မိုးရာသီကာလဖြစ်တာကြောင့် တုပ်ကွေး၊ အအေးမိ၊ ဖျားနာနဲ့ ရာသီတုပ်ကွေး စတဲ့ ရောဂါတွေ အဖြစ်များပြီး လူနာတွေထဲမှာ အသက်အကြီးပိုင်း လူနာက ၈၀ ရာခိုင်နှုန်းလောက်ရှိပြီး ၁၈ နှစ်အောက် လူနာက ၂၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။

ဆေးခန်းမှာ လာရောက်ကုသတဲ့ လူနာတွေက စစ်ရှောင်ပြည်သူတွေ ဖြစ်တာကြောင့် အခမဲ့ ကုသပေးနေပြီး လူနာတဦးကို ပျမ်းမျှ ငွေကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ကြား ဆေးဝါးစရိတ် ကုန်ကျတယ်လို့ သိရပါတယ်။

မူကယန်း လူမှုကူညီရေးအသင်း တည်ထောင်တာ ၂ နှစ်ကျော်ကာလရှိလာပြီး စစ်ဘေးရှောင်ပြည်သူတွေ၊ ဒေသခံတွေရှိရာနေရာမှာ ​ဆေးခန်းဖွင့်ကာ အခမဲ့ ကုသပေးတာတွေ၊ ဆေးရုံတွေကို ချိတ်ဆက်ပို့ဆောင်ပေးတာတွေကို ပြုလုပ်ပေးနေပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်အထိရှိနေပြီး မိုးရာသီကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး၊ အအေးမိဖျားနာ စတာတွေကို ခံစားနေရတဲ့ ပြည်သူတွေလည်း အများကြီးရှိနေတာကြောင့် ကုသပေးဖို့ ဆေးဝါးတွေ လိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024