ငွေကြေးခဝါချမှုနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ ပူးပေါင်းကြံစည်မှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံဖြတ်ကျော် အဖွဲ့အစည်းတခုကို ဦးဆောင်နေတယ်လို့ စွပ်စွဲခံထားရတဲ့ သြစတြေးလျနိုင်ငံသားတဦးကို သြဂုတ် ၁၆ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ကိုလံဘီယာရဲတပ်ဖွဲ့က ကြေညာပါတယ်။
ကိုလံဘီယာ၊ အနောက်သြစတြေးလျ ရဲတပ်ဖွဲ့ (WAPOL) နဲ့ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) တို့အကြား ပူးပေါင်းစစ်ဆင်ရေးတခုမှာ အသက် ၃၆ နှစ်အရွယ်ရှိ မိုရိဒ် နူအာ ခေါ် ရိုဘင်နဲ့ နောက်ထပ် တခြားလူ ၅ ဦးတို့ကို မက်ဒယင်းမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုအရ နူအာနဲ့ သူ့ချစ်သူ ကိုလံဘီယာနိုင်ငံသူတို့ဟာ ၂၀၁၈ ခုနှစ်မှာ သြစတြေးလျကနေ ထွက်ခွာခဲ့ပြီးနောက် မက်ဒယင်းမြို့မှာ အခြေချနေထိုင်ခဲ့ကြပြီး အဲဒီမှာ အထောက်အထားမဲ့ ကြွယ်ဝမှုတွေ များပြားလာခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေး နည်းပညာအဖွဲ့ ဒါရိုက်တာ ကားလော့စ် ရက်စ်ထရက်ပိုက ဆိုပါတယ်။
သူတို့ဇနီးမောင်နှံနဲ့ မိသားစုဝင်တွေဟာ သြစတြေးလျမှာ တရားမဝင် လှုပ်ရှားမှုတွေကနေ ဒေါ်လာသန်းပေါင်းများစွာ ရရှိထားပြီးတော့ တရားဥပဒေနဲ့အညီ ပေါ်ပေါက်လာတဲ့ ပိုင်ဆိုင်မှုတွေအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားတဲ့အနေနဲ့ ကုမ္ပဏီတွေကို တည်ထောင်ခဲ့တာ ဖြစ်ကြောင်းလည်း ကိုလံဘီယာအာဏာပိုင်တွေက ပြောပါတယ်။
Source - Reuters