Home
နိုင်ငံတကာ
နယ်သာလန်နှင့် ဒိန်းမတ်က F-16 တိုက်လေယာဉ်များ ယူကရိန်းသို့ ပို့မည်
DVB
·
August 18, 2023

နယ်သာလန်နဲ့ ဒိန်းမတ်နိုင်ငံတို့က ယူကရိန်းအတွက် F-16 တိုက်လေယာဉ်တွေ ပေးပို့နိုင်ဖို့နဲ့ ပတ်သက်ပြီး အမေရိကန်အနေနဲ့ အတည်ပြုလိုက်ပြီဖြစ်တယ်လို့ သြဂုတ် ၁၇ ရက်မှာ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။

ဒီလေယာဉ်တွေကို မောင်းနှင်နိုင်ဖို့အတွက် လေ့ကျင့်မှုပြီးဆုံးသွားတာနဲ့ ရုရှား ကျူးကျော်သူတွေအပေါ် ခုခံတိုက်ခိုက်ရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ စာထဲမှာ ဒိန်းမတ်နဲ့ နယ်သာလန်တို့ကို အာမခံချက် ပေးထားတယ်လို့လည်း သိရပါတယ်။

ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်ပေးနေချိန်မှာပဲ F-16 တိုက်လေယာဉ်တွေရဲ့ လွှဲပြောင်းခွင့်အပေါ် အမေရိကန်ဘက်က အမြန်ခွင့်ပြုပေးမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မဟာမိတ်တွေအနေနဲ့ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ ဂျက်လေယာဉ်တွေ ပေးပို့ရာမှာ အမေရိကန်ရဲ့ ခွင့်ပြုချက်ကို မဖြစ်မနေ လိုအပ်တာကြောင့် နယ်သာလန်နဲ့ ဒိန်းမတ်တို့က အခုလို တောင်းခံခဲ့တာပါ။

ဒါ့အပြင် F-16 တိုက်လေယာဉ် လွှဲပြောင်းမှုအပေါ်မှာ အမေရိကန်နိုင်ငံအနေနဲ့ အပြည့်အဝ ထောက်ခံတယ်ဆိုပြီး ဘလင်ကန် ကိုယ်တိုင် သက်ဆိုင်ရာ တာဝန်ရှိသူ ၂ ဦးကို စာနဲ့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံဟာ ဂျာမနီနိုင်ငံကနေ အိုင်းရစ်စ်-တီ လေကြောင်းရန်ကာကွယ်ရေး စနစ်နှစ်ခုကို လက်ခံရရှိထားတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက သြဂုတ် ၁၇ ရက်ကပြောတဲ့ ပုံမှန်မိန့်ခွန်းအတွင်း ပြောခဲ့ပါတယ်။

အားကောင်းပြီး အလွန်လိုအပ်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ပဲလို့ ဇလန်းစကီးက ပြောပြီး လက်နက်တွေ ထောက်ပံ့ပေးတဲ့အတွက် ဂျာမနီကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း အကျင့်ပျက်ခြစားမှုနဲ့ အလွဲသုံးစားပြုမှုတွေနဲ့ ပတ်သက်တဲ့ အမှုပေါင်းများစွာကို စုံစမ်းစစ်ဆေးပြီးတဲ့နောက် ဒေသဆိုင်ရာ စုဆောင်းရေးရုံးတွေရဲ့ အကြီးအကဲအားလုံးကို ရာထူးကနေ ထုတ်ပယ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်အပြီး သမ္မတကထုတ်ပြန်တဲ့ အမိန့်တရပ်ကို ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ညနေပိုင်း မှတ်ချက်မပေးခင် ယူကရိန်းသမ္မတရုံးက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ဂျာမနီ၊ အင်ဒိုနီးရှား၊ ဆွီဒင်၊ ချီလီ၊ ပီရူးနဲ့ ကိုလံဘီယာ အပါအဝင် နိုင်ငံခြောက်နိုင်ငံက သံအမတ်ကြီးတွေဆီက အထောက်အထားတွေကို ဇလန်းစကီးက လက်ခံရယူနေပုံကို ပြထားခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024